မင်္ဂလာပါနော်။ ဆံပင်အရှည်ကို မညှပ်ရက်ပေမယ့် Hairstyle ကရိုးနေသလို ခံစားရလို့ အပြောင်းအလဲ လုပ်ချင်တဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အခုဆောင်းပါးက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ ဆံပင်အရှည်ကို ညှပ်စရာမလိုဘဲ တိုသွားသလို အမြင်လှည့်စားနိုင်မယ့် Hairstyle ပြင်ဆင်နည်းတွေကို ဖော်ပြပေးသွားမှာပါ။ ရာသီဥတုပူလို့ ဆံပင်အရှည် ဒီတိုင်းချမထားချင်တဲ့သူတွေအတွက် အဆင်ပြေမယ့်အပြင် ညှပ်စရာမလိုဘဲ ကိုယ့်မျက်နှာပေါက်က ဆံပင်အတိုနဲ့လိုက်မလိုက် ခန့်မှန်းလို့ရတာမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

အကောက်လိပ်တွေ လိပ်ထားပါ


ဆံပင်ကို အရှည်ဖြောင့်စင်းနေအောင်ထားတာက စည်းရတာပုံစံရိုးတဲ့အပြင် အရှည်ထားမှန်းသိသာတာမို့ အကောက်လိပ်လေးတွေနဲ့ လှိုင်းတွန့်ပုံစံကောက်ပေးသင့်ပါတယ်။ ဆံပင်ကောက်လိုက်တဲ့အခါ ဆံပင်အောက်ပိုင်းက ပုံမှန်ထက်ပိုတိုသွားသလိုမြင်ရတဲ့အပြင် ဘေးဘက် အုံထူသွားတဲ့ ပုံစံလေးပေါ်မှာပါ။

အမြင့်စည်းလေးစည်းနိုင်ပါတယ်


အမြင့်စည်း Ponytail စည်းလိုက်တာက လည်ဂုတ်လည်းရှင်းသလို ချထားတာထက် ပိုတိုသွားသလို မြင်ရမှာပါ။ အရှေ့ကကြည့်ရင် မမြင်ရတာမို့ Selfie ရိုက်ရင်း ဆံပင်တိုသွားသလို ဟန်ဆောင်လို့ရပါတယ်နော်။

ဆံထုံးအသေးလေးထုံးလိုက်ပါ


ဆံပင်အောက်ပိုင်းကို ဆံထုံးခပ်သေးသေးထုံးပြီး ထွက်နေတဲ့ ဆံပင်အဖျားကို ဖွာထားလိုက်တာမျိုးကလည်း လူငယ်ကောင်မလေးတွေနဲ့လိုက်ဖက်ပြီး အမိုက်စား Hairstyle လေးဖြစ်စေမှာပါနော်။

Faux Bob ဆံပင်စတိုင်လုပ်ကြည့်ပါ


ဒီ Hairstyle အတွက် ဆံသား အောက်ပိုင်းကို ရိုးရိုးစည်း (သို့မဟုတ်) ကျစ်ဆံမြီးပုံစံ ခပ်သေးသေးကျစ်ထားပြီး စည်းထားတဲ့ဆံနွယ်တွေကို အတွင်းလိပ်ထည့်လိုက်ရမှာပါ။ ဆံပင်ကုတ်ဝဲလေးလို ဖြစ်သွားမယ့်အပြင် အုံထူသွားသလိုလည်း ထင်ရစေပါလိမ့်မယ်။

နှစ်ဖက်ဆံထုံးအသေးထုံးပါ

ဆံကြောင်းနှစ်ဖက်ခွဲကာ ဆံပင်အဖျားပိုင်းကိုလိပ်ပြီး ဆံထုံးအသေးနှစ်ဖက်ပုံစံ ထုံးလိုက်တာမျိုးကလည်း
လူငယ်ဆန်ပြီး ဆံပင်တိုတိုလေးလို မြင်ရစေမှာပါနော်။

Claw Clip နဲ့ပင့်တင်ထားပါ

Claw Clip လို့ခေါ်တဲ့ ကလစ်အကြီးနဲ့ပင့်တင်ထားလိုက်တာမျိုးကလည်း ဆံပင်လေးရှင်းပြီး ပေါ့သွားသလို ခံစားရစေမှာပါ။ ဆံပင်အတိုပုံစံပေါက်တဲ့အပြင် ဆံပင်စေးကပ်နေရင်လည်း မသိသာတာမို့ ခေါင်းမလျှော်ဖြစ်တဲ့သူတွေအတွက် ထသွားထလာ ပြင်ဖို့ အဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar