ဆောင်းရာသီရဲ့အေးမြခြောက်သွေ့တဲ့လေထုက ခန္ဓာကိုယ်အသားအရေကို ခြောက်ကပ်စေပြီး ဦးရေပြားအစိုဓာတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေတတ်ပါတယ်။ ဦးရေပြားခြောက်သွေ့လာတဲ့အခါ ပုံမှန်ထက် ဗောက်ထလွယ်ပြီး ယားယံလာတတ်တာကြောင့် ဒီလိုရာသီမှာ ဦးရေပြားကိုပိုထိန်းသိမ်းပေးဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဆောင်းရာသီရောက်တိုင်း ဦးရေပြားခြောက်သွေ့ယားယံတာတွေမဖြစ်အောင် ထိန်းသိမ်းပေးရမယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဦးရေပြားကိုနှိပ်နယ်ပေးပါ


ဦးရေပြားခြောက်သွေ့ခြင်းမဖြစ်စေဖို့ ဦးရေပြားအတစ်ဝိုက်သွေးလည်ပတ်မှုကောင်းနေဖို့လိုပါတယ်။ ဦးရေပြားကိုဖြေးဖြေးချင်း နှိပ်နယ်ပေးတာက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး သွေးလည်ပတ်မှုလည်း ကောင်းလာစေပါတယ်။

၂။ DIY Hair Mask တွေနဲ့ပေါင်းတင်ပေးပါ


သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ခါလောက်ပုံမှန်ပေါင်းတင်ပေးခြင်းက ဦးရေပြားနဲ့ဆံသားကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ဒါကြောင့် ကြက်ဥအနှစ်၊ ပျားရည်တို့ပါဝင်တဲ့ DIY နည်းလမ်းတွေနဲ့ မကြာခဏ ပေါင်းတင်ပေးပါ။ သင့်ဆံသားကိုပျော့ပြောင်းစေပြီး ဆံပင်အရှည်မြန်စေဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။

၃။ Hair Oil တွေနဲ့ ဦးရေပြားအစိုဓာတ်ပေးပါ


ဆောင်းရာသီမှာ ဦးရေပြားကို အုန်းဆီ၊ သံလွင်ဆီ စတာတွေလိမ်းပြီး နှိပ်နယ်ပေးတာက ဦးရေပြားယားယံခြင်းကို ပျောက်ကင်းစေပြီး ဆံသားအရင်းတွေအထိအစိုဓာတ်ရရှိစေပါတယ်။ ဒါ့အပြင် ခြောက်သွေ့တဲ့ဦးရေပြားကိုအေးမြစေပြီး ဗောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ Tea Tree Oil တို့ကိုပါ အသုံးပြုနိုင်ပါတယ်။

၄။ ဆံသားနဲ့ဦးရေပြား အပူပေးခြင်းတွေကိုရှောင်ပေးပါ

Dryer နဲ့ဆံသားပြုပြင်ပစ္စည်းတွေကထွက်တဲ့အပူဒဏ်က သင့်ဦးရေပြားကိုပိုပြီး ကြမ်းတမ်းခြောက်သွေ့လာစေပါတယ်။ ဒါ့အပြင် ရေအပူနဲ့ ခေါင်းလျှော်ခြင်းကလည်း ဦးရေပြားအတွင်းက သဘာဝအဆီနဲ့ အစိုဓာတ်တွေဆုံးရှူံးစေတာကိုသတိထားပေးဖို့လိုပါတယ်။ အေးတဲ့ရာသီဖြစ်လို့ ရေနွေးနွေးနဲ့ခေါင်းလျှော်ချင်သူတွေအနေနဲ့လည်း ရေနွေးသုံးပြီးနောက် ရေအေးနဲ့ပြန်လည်ဆေးချပေးပါ။

၅။ ခေါင်းလျှော်ရည်အပျော့တွေအသုံးပြုပါ


သဘာဝအတိုင်းရရှိတဲ့ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေက ဘေးထွက်ဆိုးကျိုးနည်းတာကြောင့် ဦးရေပြားအစိုဓာတ်ဆုံးရှူံးမှုမရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ဓာတုပစ္စည်းပါဝင်မှုနည်းပြီး အစိုဓာတ်ထိန်းညှိပေးနိုင်တဲ့ခေါင်းလျှော်ရည်အပျော့တွေကို အသုံးပြုပေးသင့်ပါတယ်။

၆။ ခေါင်းကိုအုပ်ထားပေးပါ


နေရောင်ခြည်နဲ့ ခြောက်ကပ်တဲ့လေအေးတွေက ဦးရေပြားနဲ့ဆံသားကိုခြောက်သွေ့လာစေပါတယ်။ ဒါကြောင့် နေပူတဲ့အချိန်တွေ၊ အေးတဲ့အချိန်တွေမှာ အပြင်ထွက်တဲ့အခါ ဦးထုပ်၊ ခေါင်းစည်းစတာတွေနဲ့ သင့်ဆံသားနဲ့ဦးရေပြားကို ကာကွယ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar