မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ဆိုးတဲ့အခါ ရိုးရိုးအရောင်ထက် Crazy ကာလာ တောက်တောက်လေးတွေ ဆိုးရတာ ပိုသဘာကျသူတွေက အနည်းနဲ့အများ ဆံပင်အရောင်ချွတ်ပေးဖို့လိုတာကို ပျိုမေတို့သိပြီးသားဖြစ်မှာပါ။ ဒီလို ဆေးနဲ့အရောင်ချွတ်ထားတဲ့ ဆံသားက သာမာန်ထက်အားပျော့ပြီး ခြောက်သွေ့လွယ်သလို ဆံပင်အဖျားတွေ ပြတ်ကျတတ်တာမို့ ရိုးရိုးဆံပင်ထက် ပိုပြီးထိန်းသိမ်းပေးရပါတယ်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အရောင်ချွတ်ထားလို့ ပျက်စီးလာတဲ့ဆံသားကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့လုပ်ပေးသင့်တဲ့ Haircare နည်းတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးပါ

ဆိုးဆေးထိထားတဲ့ ဆံသားက အစိုဓာတ်နည်းပြီး ခြောက်သွေ့နေတတ်တာမို့ အစိုဓာတ်ပြန်ဖြည့်ပေးဖို့ အရေးအကြီးဆုံးပါပဲ။ Chemical မပါတဲ့ သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ခါလောက် ပုံမှန်ပေါင်းတင်ပေးပါ။ ခေါင်းမလျှော်ခင် သံလွင်ဆီ၊ ဌက်ပျောသီး၊ ကြက်ဥ၊ သံပယိုရည်၊ အုန်းဆီစတာတွေသုံးပြီး ပေါင်းတင်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

ကြမ်းကြမ်းတမ်းတမ်း ခေါင်းမဖြီးမိအောင်သတိထားပါ

အားနည်းပြီး ကျွတ်ထွက်လွယ်တဲ့ ဆံသားဖြစ်တာမို့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မိတာမျိုးမဖြစ်အောင် သတိထားပေးရပါမယ်။ ခေါင်းဖြီးတဲ့အခါ ရှုပ်နေတဲ့ အဖျားပိုင်းကို အရင်ဖြီးပြီးမှ တစ်ခေါင်းလုံးဖြေးဖြေးချင်း ဖြီးတာမျိုး ပြုလုပ်ပေးပါ။

အပူနဲ့ ဆံပင်ပုံသွင်းတာကိုလျှော့ပါ

အပူဒဏ်နဲ့ ခဏခဏထိတာက ချွတ်ဆေးကြောင့် ပျက်စီးလွယ်တဲ့ဆံသားကို ပိုဆိုးသွားစေမှာပါ။ ဒါကြောင့် အပူများတဲ့စက်တွေနဲ့ တိုက်ရိုက်ထိတွေ့တာကို လျှော့ချပြီး Dryer ကိုလည်း မဖြစ်မနေလိုအပ်မှသုံးတာ၊ လေအေးဘက်ပြောင်းပြီးမှ သုံးတာမျိုး ပြုလုပ်ပေးပါ။

ဆံပင်အဖျားလေးတွေတိပေးပါ

ချွတ်ဆေးထိထားတဲ့ဆံသားက ခြောက်သွေ့ပြီး အဖျားနှစ်ခွဖြစ်လွယ်တာမို့ ပျက်စီးနေတဲ့အဖျားပိုင်းတွေကို ရှင်းထုတ်ဖို့ မကြာခဏဆံပင်တိပေးတာမျိုး ပြုလုပ်ပေးပါ။ ဒီလိုပုံမှန်လေးတိပေးတာက ဆံပင်အရှည်မြန်လာဖို့အတွက်လည်း ကူညီပေးမှာပါ။

ခေါင်းခဏခဏမလျှော်ပါနဲ့

ခေါင်းလျှော်ရည်တိုင်းမှာ ချေးချွတ်ပေးတဲ့ Chemical အာနိသင်တွေအနည်းနဲ့အများပါတာမို့ ခဏခဏလျှော်တာက သင့်ဆံသားကိုပိုပြီး ခြောက်သွေ့စေမှာပါ။ တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုပြီးမလျှော်မိအောင် သတိထားပေးပါ။ အစားထိုးအနေနဲ့ Dry Shampoo တစ်မျိုးသုံးပေးနိုင်ပါတယ်။

ပိုးသားခေါင်းအုံးစွပ်နဲ့ အမွှေးနုပုဝါတွေ သုံးပေးပါ

အသားကြမ်းတဲ့ခေါင်းအုံးစွပ်တွေက အိပ်တဲ့အချိန်ဆံပင်ငြိပြီးဖွာလာတာမျိုးဖြစ်တတ်တာမို့ အသားအိအိ ပိုးသားခေါင်းအုံးစွပ်တွေကို အသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။ ခေါင်းသုတ်တဲ့အခါမှာလည်း ရိုးရိုးပုဝါထက် Microfiber ခေါ် တဲ့ အမွှေးနုပုဝါတွေသုံးပေးတာက ဆံပင်ကျွတ်သက်သာပြီး ဦးရေပြားနဲ့ ဆံသားအတွင်းက သဘာဝအဆီတွေမဆုံးရှုံးဖို့ ကာကွယ်ပေးရာရောက်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar