အားလုံးပဲ မင်္ဂလာပါနော်။ ဝိတ်ချရတာထက် ကိုယ်ချထားတဲ့ဝိတ်ကို ခဏလေးနဲ့ ပြန်မတက်အောင် ထိန်းရတာက ပိုခက်တယ်လို့ ခံစားနေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ တော်ရုံနဲ့ဝိတ်ပြန်မတက်ဖို့ဆိုရင် ဝိတ်ချရုံခဏပဲ ပြောင်းလဲလို့မရပါဘူး။ ကျန်းမာတဲ့ဝိတ်ကို ထိန်းထားနိုင်မယ့် နေထိုင်စားသောက်ပုံတွေကို အကျင့်အနေနဲ့မွေးပြီး ရေရှည်လုပ်သွားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ ဝိတ်ချပြီးနောက် ခန္ဓာကိုယ်ဝိတ်ကို ထိန်းထားချင်တဲ့သူတိုင်း အကျင့်လုပ်ထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အကျင့်မွေးပါ


ဝိတ်ချချင်တဲ့အချိန်ကျမှ လေ့ကျင့်ခန်းထလုပ်ပြီး ကျန်တဲ့အချိန် မလုပ်ဘဲထားရင် ဝိတ်ကျသွားလည်း အချည်းနှီးပါပဲ။ ခဏလေးနဲ့ပြန်တက်လာမှာပါ။ ဒီလိုမဖြစ်ရအောင် လေ့ကျင့်ခန်းကို ကိုယ့်ရဲ့ Lifestyle ထဲက အစိတ်အပိုင်း တစ်ခုအနေနဲ့ သတ်မှတ်ထားဖို့လိုပါတယ်။ လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင် မိနစ် ၃၀ လောက် လမ်းလျှောက်တာပဲဖြစ်ဖြစ်လုပ်ပေးပြီး လှုပ်လှုပ်ရှားရှားနေသင့်ပါတယ်။

၂။ မျှတတဲ့စားသောက်ပုံကို ထိန်းထားပါ


ဝိတ်ချတဲ့အခါ အစားအလွန်အကျွံလျော့စားတာက ရေရှည်ထိန်းနိုင်ဖို့ခက်တာမို့ အစာခြေစနစ် ကမောက်ကမဖြစ်ပြီး ဝိတ်ပြန်တက်ဖို့လွယ်ပါတယ်။ အဲဒီ့အစား လုံလောက်တဲ့ပမာဏတစ်ခုသတ်မှတ်ပြီး နည်းနည်းချင်းစီ စားတဲ့ အကျင့်လုပ်ပေးပါ။ အဆီနည်းပြီး ကျန်းမာရေးနဲ့ညီတဲ့ အသီးအရွက်တွေကို အဓိကထားပြီး စားသင့်ပါတယ်။

၃။ ညဘက်လျော့စားတဲ့အကျင့်လုပ်ပေးပါ


ညဘက်စားတာက အစာခြေရခက်တာမို့ ကျန်တဲ့အချိန်တွေထက် ဝိတ်တက်ဖို့ ပိုလွယ်ပါတယ်။ ညဘက်ကို တတ်နိုင်သလောက် အချိုနဲ့ သရေစာတွေရှောင်တဲ့ အကျင့်လုပ်ပေးပါ။ အိပ်ရာဝင်ချိန်နဲ့ နောက်ဆုံးစားတဲ့အချိန်ကို ခပ်ဝေးဝေးထားလေ ပိုကောင်းလေပါပဲ။

၄။ တိုးတက်မှုရှိမရှိဆန်းစစ်ပါ


နေ့စဉ်စားသောက်ပုံ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန်စတာတွေကို မှတ်ထားပေးတာက သင့်ခန္ဓာကိုယ်အတွက် တိုးတက်မှုရှိမရှိ ဆန်းစစ်ပြီးသားဖြစ်ပါတယ်နော်။ လိုအပ်တဲ့ဆောင်ရန်ရှောင်ရန်တွေကိုပါ ပိုသိလာစေတာမို့ ရေရှည်ဝိတ်ထိန်းနိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်စေမှာပါ။

၅။ ဖြစ်နိုင်ချေရှိတဲ့ Goal တွေချမှတ်ထားပါ


ဝိတ်ချပြီး တစ်ရက်နှစ်ရက်နဲ့ပြန်မတက်အောင် Goal လေးတွေ သတ်မှတ်ပြီး ဝိတ်ထိန်းတဲ့ အကျင့်လုပ်သင့်ပါတယ်။ လက်တွေ့ကျတဲ့ Goal ဖြစ်ဖို့တော့ လိုပါတယ်နော်။ ကိုယ့် Goal အတိုင်း ပုံမှန်လုပ်သွားတာက Motivation လည်းရသလို ပြန်မစားမိအောင် သတိပေးပြီးသားလည်းဖြစ်မှာပါ။

၆။ ရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီတဲ့အရာတွေ လုပ်ပေးပါ


ညဘက်ကို အိပ်ရေးဝအောင်စောစောအိပ်တာ၊ တစ်နေ့ကို ၂လီတာအနည်းဆုံး ရေသောက်တာတွေက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက်ရော ကိုယ်လိုချင်တဲ့ဝိတ်ကို ထိန်းထားနိုင်ဖို့အတွက်ပါ အထောက်အကူဖြစ်စေတာမို့ ဒီအကျင့်လေးတွေကိုပါ မွေးမြူထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar