မျက်နှာမှာ အရေးအကြောင်းတွေပေါ်ပြီး အသားအရောင်မွဲကာ အရွယ်နဲ့မလိုက်အောင် ရုပ်ရင့်လာသလို ခံစားနေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ Skincare အပြင် အသားအရေနဲ့ပက်သက်ပြီး သတိမထားမိဘဲ ကိုယ်တိုင်လုပ်နေတဲ့ အမူအကျင့်အလွဲတွေရှိနေမလား ဆန်းစစ်ကြည့်ဖို့လိုပါတယ်နော်။ ဒီတစ်ခေါက်မှာ ပျိုမေတို့သတိထားနိုင်အောင် အရွယ်မတိုင်ခင် အသားအရေပျက်စီးစေတဲ့ အပြုအမူအမှားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိတ်ကပ်ပြောင်အောင်မဖျက်ဘဲ အိပ်ရာဝင်တာ


မိတ်ကပ်ပုံမှန်လိမ်းတတ်တဲ့သူတွေက အိပ်ရာဝင်ခါနီးမှာ ချွေးပေါက်ထဲထိ မိတ်ကပ်အကျန်တွေမရှိအောင် သေချာသန့်စင်ပေးဖို့လိုပါတယ်နော်။ တစ်ညလုံး မပြောင်ဘဲကျန်ခဲ့တဲ့အခါ ဘက်တီးရီးယားတွေပွားပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံထွက်လာမှာပါ။ မမြင်ရတဲ့ ဖုန်၊ အညစ်အကြေးနဲ့အဆီတွေလည်း ရှိနိုင်တာမို့ မအိပ်ခင် မိတ်ကပ်ဖျက်ပြီး မျက်နှာပါသစ်ပေးတာအကောင်းဆုံးပါပဲ။

၂။ မျက်နှာအလွန်အကျွံ ချေးချွတ်တာ


ဆဲလ်သေတွေဖယ်ရှားဖို့ မျက်နှာကို နေ့တိုင်းနီးပါး ချေးချွတ်စရာမလိုပါဘူးနော်။ ချေးချွတ်တာများရင် အခန့်မသင့်တဲ့အခါ အရေပြားအစိုဓာတ်ခြောက်ပြီး အသားပါးလာတတ်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး မလုပ်သင့်သလို Sensitive Skin ရှိသူတွေဆို တစ်လ နှစ်ခါလောက်ချေးချွတ်ပေးရုံနဲ့လုံလောက်ပါတယ်။

၃။ အချိုစားများတာ


သကြားဓာတ်က အရေပြားတွင်းက Collagen တွေကို ပျက်စီးစေပါတယ်နော်။ Collagen ထုတ်လုပ်မှု နည်းလာတဲ့အခါ အသားအရေလျော့ရဲပြီး အရေးအကြောင်းတွေပေါ်ဖို့လွယ်တာမို့ အချိုကိုပုံမှန်လေး လျှော့စားပေးတာ အကောင်းဆုံးပါ။

၄။ ရေဓာတ်မလုံလောက်တာ


ရေဓာတ်မရှိတဲ့အခါ အရေပြားအစိုဓာတ်လည်းမရတာမို့ အသားရောင်မွဲပြီး ရုပ်ရင့်လွယ်တတ်ပါတယ်။ ကျန်းမာရေးအရရော အသားအရေစိုပြေဖို့အတွက်ပါ ရေဓာတ်က အရေးအကြီးဆုံးမို့ ရေသောက်နည်းတဲ့အကျင့်ရှိရင် ပြုပြင်ပေးဖို့ မမေ့ပါနဲ့။

၅။ ညဘက်တွေ Moisturizer မလိမ်းတာ


ညဘက် အပြင်ထွက်ဖို့မလိုလို့ Moisturizer မလိမ်းဘဲထားတာမျိုး မလုပ်သင့်ပါဘူးနော်။ ကိုယ့် Skin Type နဲ့အဆင်ပြေတဲ့ Moisturizer တစ်မျိုးကို နေ့ရောညပါ ပုံမှန်လေးလိမ်းတဲ့အကျင့်လုပ်ပေးပါ။ အသားအရေအစိုဓာတ်ပြည့်နေမှ Glow ပြီး ရှိရင်းစွဲထက် နုပျိုတဲ့အလှကို ပိုင်ဆိုင်နိုင်မှာပါ။

၆။ Alcohol အသောက်များတာ


သင့်မျက်နှာကို ရုပ်ရင့်စေတဲ့အထဲမှာ Alcohol သောက်တာလည်းပါပါတယ်နော်။ Alcohol က အရေပြားတွင်း အစိုဓာတ်ကို စုပ်ယူနိုင်တာမို့ သောက်ပြီးတိုင်းမှာ အသားအရေက ခြောက်သွေ့ပြီးကျန်ခဲ့တတ်ပါတယ်။ မျက်နှာအသားခြောက်တာများလာတဲ့အခါ အရေးအကြောင်းတွေလည်း အချိန်ခဏအတွင်း ပေါ်လာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar