တချို့တွေ ပိန်လွယ် ဝလွယ်တာကို သင်မြင်ဖူးမှာပါ။ တချို့တွေဆိုရင် ဝိတ်တက်လာပြီဆိုတာနဲ့ ချက်ချင်း ကြိုးစား ဝိတ်ချပြီး အချိန်ခဏလေးအတွင်း ဝိတ်ကျသွားတတ်တာကို မြင်ဖူးကြမှာပါ။ သင့်အနေနဲ့ ဝိတ်ချနေပါလျက်နဲ့ ဝိတ်ကျဖို့ ခက်နေတယ်ဆိုရင်တော့ ဝိတ်ကျမြန်တဲ့သူတွေဆီက အလေ့အကျင့်တွေကို သင်ယူလိုက်နာသင့်ပါတယ်။ ကိုယ်အလေးချိန်ကျတာ မြန်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်တွေကတော့-

၁။ ဝိတ်ထိန်းတယ်

ဝိတ်ကျမြန်တဲ့သူတွေက သူတို့ တစ်နေ့တာအတွင်း ဘာတွေ စားမိလဲ သတိရှိကြပါတယ်။ မာလာရှမ်းကော စားတာများတယ်လို့ ခံစားမိတာနဲ့ နောက်နေ့တွေ လိုတာထက် ပိုမစားမိအောင် ဂရုစိုက်ကြပါတယ်။ Diet လုပ်သင့်ရင် တစ်ခါတည်း လုပ်တတ်ကြပါတယ်။

၂။ ဖြည်းဖြည်းစားတယ်

ဝိတ်ကျ မြန်သူတွေက အစာစားတဲ့အခါ ဖြည်းဖြည်းလေး စားတတ်ကြပါတယ်။ အစာအိမ်က ဗိုက်ဝပြီလို့ ဦးနှောက်ဆီကို သတင်းပို့တာ မိနစ် ၃၀ ကြာပါတယ်။ ဒီတော့ အချိန်ခဏလေးအတွင်း ဘယ်လိုကုန်လို့ ကုန်သွားမှန်း မသိရင် သင်စားတာ မြန်နေပါပြီ။ ဖြည်းဖြည်းလေးနဲ့ အရသာခံပြီး စားသင့်ပါတယ်။

၃။ အားကစား မှန်မှန်လုပ်ကြတယ်

သင်က တစ်နေ့တာမှာ လိုတဲ့ ကယ်လိုရီထက်ပို စားမိရင် ဝိတ်တက်မှာပါပဲ။ ဒီကယ်လိုရီကို လောင်ကျွမ်းဖို့ လေ့ကျင့်ခန်း လုပ်ရပါတယ်။ ဝိတ်ကျမြန်သူတွေက လေ့ကျင့်ခန်း မှန်မှန် လုပ်သူတွေ ဖြစ်ပါတယ်။

၄။ အာရုံစိုက်တယ်

ဝိတ်ကျမြန်သူတွေက ကိုယ်စားတဲ့ အစားအစာကို အာရုံစိုက်ကြပါတယ်။ ကိုယ်လက်ရှိ ဘာတွေ စားနေလဲ၊ ဘယ်လောက် အဆီများလဲ သုံးသပ်တတ်ကြပါတယ်။ တီဗီကြည့်ပြီး စားတာမျိုး၊ ဖုန်းသုံးပြီး စားတာမျိုး မလုပ်သင့်ပါဘူး။ အားနေရင် အစားနဲ့ ပါးစပ် မပြတ်တာကလည်း ကိုယ်စားတာကို အာရုံမစိုက်လို့ပါပဲ။

၅။ အိပ်ချိန် လုံလောက်တယ်

လေ့လာချက်တွေမှာ အိပ်ချိန် ၆ နာရီကနေ ၈ နာရီရှိသူတွေက ၆ နာရီအောက် ရှိသူတွေထက် ဝိတ်ကျပိုမြန်တယ်လို့ ဆိုထားပါတယ်။ ဝိတ်ကျဖို့ အိပ်ချိန်ကို ဂရုစိုက်သင့်ပါတယ်။ ညဘက်အိပ်ပျော်အောင် ဖုန်းသုံးတာကိုလည်း လျှော့ပေးသင့်ပါတယ်။

၆။ ရေများများသောက်တယ်

တစ်ခါတလေ ဗိုက်ဆာတာလား၊ ရေဆာတာလား ဝေခွဲမရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရေများများ သောက်ပေးတာကြောင့် ဗိုက်ပြည့်နေစေပြီး အစာစားချင်စိတ်ကို လျှော့ချပေးပါတယ်။ ဝိတ်ကျမြန်သူတွေက ရေသောက်များသူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar