အရင်ထက် ပိုတော်ဖို့၊ လူချစ်လူခင်များလာဖို့က သင့်နေပုံထိုင်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ စောင့်ထိန်းသင့်တဲ့ စည်းမျဉ်းတွေကို စောင့်ထိန်းမှ သင်က လေးစားခံရသူ တစ်ယောက် ဖြစ်လာမှာပါ။ အခြေအနေနဲ့ အချိန်အခါ အလိုက် လိုက်နာ စောင့်စည်းသင့်တဲ့ အရာတွေ ရှိပါတယ်။ ဒီအရာတွေကို သင်က အရင်ထက် ပိုသိထားကာ ပိုလိုက်နာမယ်ဆိုရင် သင်ဖြစ်ချင်တဲ့ ပိုတော်ပိုထက်မြက်သူ၊ ပို အပေါင်းအသင်း ဆန့်သူ ဖြစ်လာမှာပါ။ ဒီတော့ သိထားသင့်တဲ့ အချက်တွေကို ကြည့်လိုက်ရအောင်-

၁။ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်

သင်က လူတွေကြားထဲမှာ မဟုတ်ဘဲ တစ်ယောက်တည်း ဖြစ်တဲ့အချိန်တွေမှာ လုပ်သင့်တဲ့ အရာကတော့ သင့်အတွေးတွေကို သတိထားတာပါ။ တစ်ယောက်တည်း ဖြစ်တဲ့အချိန်မှာ ကောင်းတဲ့ အတွေးတွေ ဝင်နိုင်သလို မကောင်းတဲ့ အဆိုးမြင်စိတ်တွေလည်း မြင်လာတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် ပိုရင့်ကျက်သူ ဖြစ်လာဖို့ သင့်အတွေးတွေက ဘယ်ဘက်သွားလဲ ဆန်းစစ်သင့်ပါတယ်။

၂။ မိတ်ဆွေတွေကြားထဲ ရောက်တဲ့အချိန်

သင်က မိတ်ဆွေ အပေါင်းအသင်းတွေကြားထဲ ရောက်တဲ့အချိန် စောင့်စည်းသင့်တာကတော့ သင့်နှုတ်ပါ။ စကားကို လိုတာထက် ပိုပြောတဲ့သူက အမှားတွေ ပါလာတတ်ပါတယ်။ ဒီအမှားတွေကြောင့် သင့်ကို ခင်တဲ့သူ နည်းလာစေနိုင်ပါတယ်။

၃။ စိတ်ဆိုးဒေါသထွက်တဲ့အခါ

လူအများစုက စိတ်ဆိုးလာတာနဲ့ ပြောချင်ရာ ပြောပြီး လုပ်ချင်ရာ လုပ်တတ်ပါတယ်။ သင်က ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒေါသထွက်လာတဲ့အခါ သင့် စိတ်ကို တတ်နိုင်သလောက် ထိန်းသင့်ပါတယ်။

၄။ လူအများကြား ရောက်တဲ့အချိန်

လူတောထဲဝင်ရင် နှုတ်ထိန်းသင့်တဲ့အပြင် ထပ်ထိန်းသင့်တာက သင့်အပြုအမူပါ။ လူတွေက သင့် အမူအရာတွေက တဆင့် သင့်အကြောင်းကို ခန့်မှန်းအကဲခတ်တတ်ပါတယ်။ ဒါကြောင့် လူတွေကြားထဲ ရောက်တဲ့အချိန် သင့်အမူအရာတွေကို ဂရုစိုက်သင့်ပါတယ်။

၅။ ဒုက္ခရောက်တဲ့အချိန်

လူတိုင်း ဒုက္ခရောက်တဲ့အချိန်ကို ကြုံဖူးမှာပါ။ ဒီဒုက္ခကိုမှ ဘယ်လို ဖြေရှင်းပြီး ဘယ်လိုကျော်ဖြတ်လဲ ပေါ်မူတည်ပြီး လူတွေ အမျိုးမျိုး ကွဲပြားသွားတတ်ပါတယ်။ မကောင်းတာတွေနဲ့ ကြုံရတဲ့အခါ သင့်ခံစားချက်က ဘယ်လိုဖြစ်နေလဲ ဆန်းစစ်သင့်ပါတယ်။

၆။ ကံကောင်းတဲ့အခါ

ကံကောင်းပြီး ကောင်းတဲ့အရာတွေ ရောက်လာတဲ့အခါ တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ မလုပ်သင့်တာတွေ လုပ်တတ်ပါတယ်။ ဒါမျိုး မဖြစ်ရလေအောင် ဘယ်လောက်ပဲ ကံကောင်းနေပါစေ၊ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ သင့်မာနကို သတိထားသင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar