ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ နေ့စဉ်လှုပ်လှုပ်ရှားရှား Workout လုပ်တတ်တဲ့သူတွေအနေနဲ့ ချွေးထွက်များတဲ့အခါ ဆံသားစေးကပ်ကပ်ဖြစ်ပြီး ပျက်စီးလာတတ်ပါတယ်။ ဆံပင်မှာရှိတဲ့ ချွေးနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ နေ့စဉ်နီးပါးခေါင်းလျှော်တာကလည်း သင့်ဆံသားရဲ့ သဘာဝအဆီအနှစ်တွေကို လျော့ပါးစေပြီး ဦးရေပြားခြောက်ကပ်လာစေနိုင်ပါတယ်။ ဆံသားစေးကပ်ခြင်းကို လျှော့ချဖို့အတွက် ချွေးမထွက်ခင်အချိန်တွေမှာလည်း ထိန်းသိမ်းပေးသင့်ပါတယ်။ ဥပမာအနေနဲ့ အားကစားမလုပ်ခင် Dry Shampoo အသုံးပြုခြင်း၊ ဆံပင်စည်းပေးခြင်းတွေ ပြုလုပ်ပေးပါ။

ဒီတစ်ခေါက်မှာ လှုပ်လှုပ်ရှားရှားနေပြီး ဆံပင်ချွေးထွက်များတဲ့သူတွေအတွက် ချွေးထွက်ပြီးနောက် ဆံသားစေးကပ်ကပ်ဖြစ်ခြင်းကို ပြန်လည်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သဘာဝအတိုင်းအခြောက်ခံပါ


ချွေးထွက်နေတဲ့ ဆံသားအရင်းတွေကို လေအပူနဲ့မမှုတ်ဘဲ သဘာဝအတိုင်း ခြောက်တဲ့အထိထားဖို့ လိုပါတယ်။

၂။ ဆံပင်ကိုဖြည်ချပေးပါ


ချွေးထွက်နေတုန်းအချိန်တွေမှာလည်း ဆံပင်မကျိုးစေတဲ့ သရေကွင်းတွေနဲ့စည်းထားသင့်ပြီး ချွေးထွက်ပြီးနောက်ဖြည်ချထားပေးပါ။ ဆံပင်ကိုအရမ်းတင်းနေအောင်စည်းတာမျိုးက ဆံပင်ထုံးခြင်း၊ ဆံသားပျက်ကျခြင်းတွေဖြစ်ပြီး ပျက်စီးလာစေနိုင်ပါတယ်။

၃။ Hair Serum လိမ်းပေးပါ


ချွေးထွက်ပြီးနောက်မှာ ဆံသားပြန်လည်တောက်ပပြီး ဆံပင်အတွန့်တွေပြေစေဖို့ ဆံပင်အဖျားကို Hair Serum တစ်မျိုးလိမ်းပေးသင့်ပါတယ်။

၄။ Dry Shampoo အသုံးပြုပေးနိုင်ပါတယ်


Dry Shampoo ကိုတော့ ချွေးမထွက်ခင်ကော ချွေးထွက်ပြီးနောက်မှာပါ အသုံးပြုပေးနိုင်ပါတယ်။ သူက ချွေးထွက်နေတဲ့ သင့်ဦးရေပြားပေါ်ကမလိုအပ်တဲ့အဆီနဲ့အညစ်အကြေးတွေကိုစုပ်ယူလိုက်နိုင်တာကြောင့် ဦးရေပြားနဲ့ ဆံသားအရင်းတွေမှာ အဓိကအသုံးပြုပေးပြီး နှံ့သွားအောင် နှိပ်နယ်ပေးပါ။ သင့်ဆံသားကိုခြောက်သွေ့စေနိုင်တာကြောင့် ဆံပင်အဖျားပိုင်းတွေမှာ အသုံးပြုခြင်းကိုတော့ရှောင်ပေးဖို့လိုပါတယ်။

၅။ ဆံပင်ကို အပူစက်နဲ့ အနည်းငယ်ဆွဲပေးနိုင်ပါတယ်။


ချွေးထွက်ထားတဲ့အချိန်မှာ ဆံသားကရှုပ်ထွေးပြီး ပုံမကျဖြစ်သွားတတ်တာကြောင့် အပူစက်နဲ့ ဆံသားအဖျားတွေကို အပူချိန်အနိမ့်ထားပြီး ပုံပြန်သွင်းပေးနိုင်ပါတယ်။ ပုံသွင်းပြီးနောက် Setting Spray နဲ့ဖြန်းထားပေးပါ။

၆။ ခေါင်းလျှော်တဲ့အခါ ရေနွေးနွေးကိုအသုံးပြုပါ


တစ်ခါတစ်ရံ ချွေးထွက်ပြီးနောက် ခေါင်းလျှော်ဖို့လိုအပ်တဲ့အခါမှာလည်း ရေနွေးနွေးကိုအသုံးပြုပေးဖို့လိုပါတယ်။ အဆီနဲ့အညစ်အကြေးတွေကိုစုပ်ပေးနိုင်မယ့် ခေါင်းလျှော်ရည်အပျော့တွေကို အသုံးပြုပေးသင့်ပါတယ်။ အမြဲ ခေါင်းလျှော်ပြီးနောက် Conditioner တွဲသုံးပေးပါ။ သုံးပြီးတဲ့နောက်မှာတော့ ရေအေးနဲ့ပြန်လည်ဆေးချ ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar