ဒေါက်ဖိနပ်က သင့်ကို ခါးမတ်မတ်လေးနဲ့ စမတ်ကျကျ လှပကျော့ရှင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒေါက်ဖိနပ် မဝတ်ဘဲ လှပကျော့ရှင်းတဲ့ မိန်းကလေးတွေလည်း ရှိတယ်ဆိုပေမယ့် ဒေါက်ဖိနပ် ဝတ်လိုက်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု ပိုတိုးစေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

စာဖတ်သူအနေနဲ့ ဒေါက်ဖိနပ် ဝတ်နေမကျတဲ့အခါ သက်သောင့်သက်သာမဖြစ်တာမျိုး၊ နာကျင်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါပေမဲ့ သတင်းကောင်းလေးတစ်ခုကတော့ ထိုကဲ့သို့ သက်သောင့်သက်သာမဖြစ်ခြင်းကို ရှောင်ကြဉ်နိုင်ပြီး ဒေါက်ဖိနပ်လေးနဲ့ ဒေါက်ဖိနပ်ဖြင့် လှပကျော့ရှင်းနိုင်တဲ့ နည်းလမ်းများရှိပါတယ်။

သင့်အနေနဲ့ ဒေါက်ဖိနပ် ရွေးချယ်ဝယ်ယူတဲ့အခါ အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာရုံပါပဲ။

မိမိခြေထောက်ဆိုဒ်နှင့် ကွက်တိကျသော ဆိုဒ်ကို ရွေးဝယ်ပါ

Photo: Whowhatwear.co.uk

ဒေါက်ဖိနပ်က သင့်ခြေထောက်ဆိုဒ်ထက် သေးနေမယ်ဆိုရင် သင့်ခြေထောက်တစ်ခုလုံး နာကျင်ရမှာဖြစ်ပြီး ဒေါက်ဖိနပ်က ခြေထောက်ဆိုဒ်ထက် ကြီးနေမယ်ဆိုရင် သင့်ခြေချောင်းလေးတွေ နာကျင်ရမှာပါ။ ဒါ့ကြောင့် သင့်ခြေထောက်ဆိုဒ်နှင့် ကွက်တိကျသော ဆိုဒ်ကို ရွေးဝယ်သင့်ပါတယ်။

ဖိနပ်နှစ်ဖက်စလုံး စမ်းဝတ်ကြည့်ပါ

သင့်ခြေထောက်နှစ်ဖက်က တစ်ဖက်နှင့် တစ်ဖက် အရွယ်အစား မသိမသာကွဲပြားတတ်ပါတယ်။ ဒါ့ကြောင့် ဖိနပ်စမ်းဝတ်တဲ့အခါ နှစ်ဖက်စလုံး ဝတ်ကြည့်ပါ။ ဒါ့အပြင် ဖိနပ်ဝယ်တဲ့ခါ မနက်ပိုင်းမှာ ဝယ်မယ့်အစား ညနေပိုင်းမှာ ဝယ်ဖို့ အသင့်တော်ဆုံးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သင့်ခြေထောက်က တစ်နေကုန် သွားလာနေရတဲ့အတွက်ကြောင့် ညနေပိုင်းမှာ အနည်းငယ် ရောင်ပြီး အရွယ်အစားပိုကြီးနေလို့ပါပဲ။

ဒေါက်က ပိုထူလေ ပိုကောင်းလေ

Photo: Herstylecode.com

ဒေါက်ဖိနပ် ချွန်ချွန်များက ရေရှည်ဆို သင့်ရဲ့ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ အထူးသဖြင့် ရာသီလာချိန်မှာ ပိုမိုနာကျင်ကိုက်ခဲရပါလိမ့်မယ်။ ဒေါက်အထူများကတော့ သင့်ကို ဟန်ချက်ပိုညီစေပြီး ပိုပြီးသက်သောင့်သက်သာဖြစ်စေမှာပါ။

ဒီဇိုင်းအသစ်အဆန်းများကို ဝတ်ဆင်ဖို့ မကြောက်ရွံ့ပါနဲ့

အရောင်အသွေးစုံလင်တဲ့ ဒေါက်ဖိနပ်များ၊ ကျားသစ်ကွက်ဒေါက်ဖိနပ်များက သင့်ရဲ့ဖက်ရှင်ကို ပိုမိုလှပစေပါတယ်။

ဒေါက်ဖိနပ်ဖြင့် လမ်းလျှောက်ကျင့်ပါ

သင့်အနေနဲ့ ဒေါက်ဖိနပ်နဲ့ လမ်းလျှောက်ရတာ အဆင်မပြေဘူးဆိုရင် မိမိအိမ်မှာ ထိုဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်ကျင့်သင့်ပါတယ်။ ဒါမှ လူအများကြား သွားလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုတိုးမှာ မဟုတ်လား။

မိမိကျန်းမာရေးအတွက်လည်း ထည့်တွက်ပါ

အမြင့် ၁ စင်တီမီတာပဲရှိတဲ့ဒေါက်ဖိနပ်ကလည်း သင့်ရဲ့ခြေဖဝါးရိုးအတွက် ထိခိုက်စေနိုင်သလို ဒေါက်အချွန်တွေကလည်း ခါးရိုးအတွက် မကောင်းပါဘူး။ အသင့်တော်ဆုံးကတော့ အကျယ် ၃ စင်တီမီတာ၊ ၄ စင်တီမီတာလောက်ရှိတဲ့ ဒေါက်ဖိနပ်အထူကသာလျှင် ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

Source: Brightside.me