အားလုံးပဲ မင်္ဂလာပါ။ မိုးရာသီရောက်လာပြီဖြစ်လို့ မိုးရေနဲ့ထိတွေ့မှုများတဲ့ သင့်ခြေထောက်တွေကို သေချာဂရုစိုက်ဖို့ လိုလာပါပြီနော်။ သင့်ခြေထောက်ကို မသန့်တဲ့မိုးရေ၊ ဗွက်တွေနဲ့ ခဏခဏထိတွေ့တာက ခြေထောက်အရေတွန့်တာ၊ ပိုးဝင်လွယ်ပြီး မှိုစွဲတာနဲ့ အနံ့ဆိုးထွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအရေပြားပြဿနာတွေမဖြစ်ရအောင် စိုစွတ်မှုများတဲ့ရာသီတွေမှာ ပုံမှန်လုပ်ပေးသင့်တဲ့ ခြေထောက်အသားအရေ ထိန်းသိမ်းနည်း အချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ခြေထောက်တွေကို အမြဲသန့်စင်အောင်ထားပါ


ခြေထောက်အနံ့ထွက်တာ၊ မှိုစွဲတာစတဲ့ ပြဿနာတွေမဖြစ်အောင် အပြင်ကပြန်လာတိုင်း ခြေထောက် သေချာဆေးပြီး ခြောက်အောင်ပြန်သုတ်ပေးရပါမယ်။ ရေစိုနေတဲ့ ဖိနပ်နဲ့ ခြေအိတ်တွေမှာလည်း ပိုးမွှားတွေကပ်နေနိုင်တာမို့ ချက်ချင်းပြန်ဝတ်တာမျိုးမလုပ်ဘဲ ရေနဲ့ဆေးကာ ပြန်လျှော်ပြီး အခြောက်ခံပြီးမှ ပြန်သုံးသင့်ပါတယ်။

၂။ အစိုဓာတ်ပေးနိုင်တဲ့ Foot Cream တစ်မျိုးလိမ်းပေးပါ


မိုးရာသီမှာလည်း ခြေထောက်အသားခြောက်ပြီး ကွဲအက်တတ်တာကြောင့် အစိုဓာတ်ပေးနိုင်တဲ့ Foot Cream တစ်မျိုး ပုံမှန်လိမ်းပေးသင့်ပါတယ်။ သင့်ခြေထောက်တွေကို ဆေးကြောကာ ရေခြောက်အောင်သုတ်ပြီးနောက် တစ်နေ့နှစ်ကြိမ်ခန့် ပုံမှန်လိမ်းပေးပါ။ ရေချိုးပြီးချိန်နဲ့ အိပ်ခါနီးအချိန်တွေမှာ လိမ်းပေးရင်တော့ အကောင်းဆုံးပါပဲ။

၃။ သံပယိုရည်နဲ့ မုန့်ဖုတ်ဆိုဒါရောပြီး ခြေထောက်ကိုစိမ်ပေးပါ


ရေခပ်နွေးနွေးထည့်ထားတဲ့ဇလုံထဲမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်၊ ဆားအနည်းငယ်နဲ့အတူ သံပယိုရည်ညှစ်ထည့်ပြီး ခြေထောက်ထည့်စိမ်တာမျိုးကလည်း ခြေထောက်အနံ့ထွက်တာ သက်သာလာစေမယ့်နည်းတစ်ခုဖြစ်ပါတယ်။ တစ်ကြိမ်မှာ ဆယ်မိနစ်ခန့်စိမ်ထားနိုင်ပြီး တစ်ပတ်နှစ်ကြိမ်လောက်အထိ ပြုလုပ်နိုင်ပါတယ်။

၄။ ပုံမှန် Exfoliate လုပ်ပြီး ချေးချွတ်ပေးပါ


မိုးရာသီမှာ ခြေထောက်ကို ချေးချွတ်ပြီး မလိုအပ်တဲ့ဆဲလ်သေ၊ ဖုန်နဲ့ အညစ်အကြေးတွေကို ပုံမှန်ဖယ်ရှားပေးတာကလည်း ခြေထောက်အသားအရေသန့်စင်စေပြီး နောက်ဆက်တွဲ အနံ့ဆိုးနဲ့ အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၅။ ခြေသည်းပုံမှန်ညှပ်ပေးပါ


ခြေသည်းကြားထဲက ဘက်တီးရီးယားတွေကြောင့် ခြေထောက်အနံ့ထွက်တာမျိုးမဖြစ်ရအောင် ခြေသည်းပုံမှန်ညှပ်ပြီး သန့်ရှင်းအောင်ထားဖို့လည်း မမေ့သင့်ပါဘူး။

၆။ သဘာဝပစ္စည်းတွေနဲ့ DIY Mask လုပ်ပြီး ပေါင်းတင်နိုင်ပါတယ်


သဘာဝပစ္စည်းတွေသုံးပြီး DIY Mask လုပ်ကာ ပေါင်းတင်ပေးတာက အနံ့ဆိုးပျောက်စေတဲ့အပြင် ခြေထောက်အသားအရေနူးညံ့ကာ လန်းဆန်းပေါ့ပါးသွားစေဖို့ပါ ထောက်ပံ့ပေးနိုင်မှာပါ။ ဥပမာအနေနဲ့ သကြားညို ၁ခွက်စာ၊ Vanilla Extract တစ်ဇွန်းနဲ့ သံလွင်ဆီလေးဇွန်းတု့ိကို ရောမွှေပြီး သင့်ခြေထောက်မှာလိမ်းကာ တစ်နာရီလောက် ပေါင်းတင်ပေးတာမျိုးပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar