ရာသီဥတုပူတာနဲ့ ခေါင်းချွေးအရမ်းထွက်ပြီး ဆံပင်တွေကပ်နေတတ်လို့ စိတ်ညစ်နေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ သက်သာဖို့အတွက် ဒီအကြောင်းအရာမှာပါဝင်တဲ့ အချက်လေးတွေကို လိုက်လုပ်ပေးဖို့ အကြံပေးချင်ပါတယ်နော်။ ခေါင်းချွေးထွက်ပြီး ဆံပင်အဆီထွက်တတ်တဲ့သူတွေက ခေါင်းလျှော်ပြီး အချိန်တိုအတွင်း ခေါင်းယားတာ၊ အနံ့ထွက်လာတာတွေ ဖြစ်တတ်တာမို့ ခဏခဏခေါင်းပြန်လျှော်ရတာ အလုပ်ရှုပ်သလို ခေါင်းလျှော်ရည်မှာပါတဲ့ Chemical တွေကတစ်ဆင့် ဆံသားပိုပျက်စီးစေမှာဖြစ်လို့ ရေရှည်အတွက်မကောင်းပါဘူး။

ဒါကြောင့်မို့ ပျိုမေတို့အတွက် ခေါင်းလျှော်စရာမလိုဘဲ ဆံပင်စေးကပ်တာသက်သာအောင် ပြုပြင်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခေါင်းလျှော်ရည်ကို စင်နေအောင်လျှော်ချပါ


ခေါင်းတစ်ခါလျှော်တိုင်း ခေါင်းလျှော်ရည်ကျန်ခဲ့တာမျိုးမရှိအောင် ရေနဲ့အကြိမ်ရေများများလေး ဆေးချပေးပါ။ ဆံပင်မှာ ခေါင်းလျှော်ရည်မပြောင်ဘဲကျန်ခဲ့တာက ဆံပင်စေးကပ်လွယ်ပြီး အညစ်အကြေးတွေကတစ်ဆင့် ဗောက်ထစေပါတယ်။ ခေါင်းလျှော်ရည်လုံးဝပြောင်အောင်လုပ်နိုင်တဲ့နည်းတစ်ခုကတော့ သင်အနေနဲ့ခေါင်းလျှော်ပြီးပြီလို့ ခံစားရတဲ့အချိန် နောက်ထပ်စက္ကန့် ၃၀ လောက်ပေါင်းပြီး ရေထပ်ဆေးချပေးတာမျိုးလုပ်ပေးရမှာပါ။

၂။ ရေအေးအေးကို အသုံးပြုပါ


ခေါင်းလျှော်တဲ့အချိန်မှာ ရေနွေးနွေးတွေထက် ရိုးရိုးရေနဲ့ ရေအေးအေးတွေကို အသုံးပြုပေးဖို့လိုပါတယ်။ ရေနွေးကရတဲ့အပူဓာတ်က ဦးရေပြား Sebum ထုတ်လုပ်မှုမြှင့်ပေးနိုင်လို့ သင့်ဆံသားကို အဆီပိုပြန်ပြီး စေးကပ်လာစေမှာပါ။ ခေါင်းခြောက်ဖို့ Dryer သုံးတဲ့အခါမှာလည်း အပူလျှော့ပြီးသုံးဖို့ မမေ့သင့်ပါဘူး။

၃။ ပေါင်းဆေးကို ဆံပင်အဖျားမှာပဲသုံးပေးပါ


ဦးရေပြားနဲ့ ဆံပင်အရင်းတွေအထိ ပေါင်းဆေးလိမ်းတာက ဆံသားအဆီထွက်လွယ်ပြီး စေးကပ်ကပ်ဖြစ်လာစေပါတယ်။ ဒါကြောင့်မို့ ဆံပင်အဆီပြန်တတ်တဲ့သူတွေအနေနဲ့ ပေါင်းဆေး၊ ပျော့ဆေးသုံးတဲ့အခါ ဆံပင်အဖျားပိုင်းတွေမှာပဲ သုံးပေးပါ။

၄။ ဦးရေပြားအစိုဓာတ်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်မျိုးရွေးသုံးပေးပါ


ကိုယ်က ဆံပင်အဆီပြန်တတ်တဲ့သူဆိုရင် ခေါင်းလျှော်ရည်သုံးတဲ့အခါမှာ ဦးရေပြားပေါ်က အဆီနဲ့အညစ်အကြေးတွေ သန့်စင်ပေးပြီး အစိုဓာတ်လည်း ပေးနိုင်မယ့် Shampoo မျိုး ရွေးသုံးပေးဖို့လိုပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်အပျော့တွေ သုံးပေးပါ။

၅။ Dry Shampoo ဒါမှမဟုတ် ပေါင်ဒါသုံးပေးပါ


ခေါင်းအဆီပြန်တတ်တဲ့သူတွေအတွက် Dry Shampoo တွေကအရမ်းအသုံးဝင်ပါတယ်။ စေးကပ်နေတဲ့ ဆံသားအဆီတွေကို စုပ်ယူပေးနိုင်တဲ့အပြင် အချိန်မရွေး ထုတ်သုံးဖို့လွယ်တာမို့ အဆီပြန်တတ်သူတွေအနေနဲ့ ခေါင်းခဏခဏလျှော်မယ့်အစား Dry Shampoo (သို့) ပေါင်ဒါမှုန့်တစ်မျိုးကို ဆံပင်အရင်းနားတွေမှာ သုံးပေးပါ။

၆။ ဆံပင် ခဏခဏကိုင်တာမျိုးရှောင်ပါ


ဆံပင်ကို လက်နဲ့ခဏခဏပွတ်သပ်လေ အဆီထွက်လေဖြစ်တာမို့ ဆံပင်ကိုင်တတ်တဲ့အကျင့်ရှိရင် ဖျောက်ပေးဖို့လိုပါတယ်။ လက်နဲ့သပ်တာအပြင် ခေါင်းဖြီးတဲ့အခါမှာလည်း ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲချတာ၊ လိုတာထက်ပိုခေါင်းဖြီးတာမျိုး မလုပ်မိအောင်လည်း သတိထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar