မင်္ဂလာပါ ပျိုမေတို့ရေ။ ချစ်သူရှိတဲ့ပျိုမေတို့အနေနဲ့ လက်ရှိတွဲနေတဲ့ ကိုယ့်ချစ်သူက Right Person ဟုတ်မဟုတ်ဆိုတာကို အနည်းနဲ့ အများတော့ သိချင်ကြမှာပါ။ Right Person ဆိုတာကတော့ ပျိုမေတို့ရဲ့အားသာချက်၊ အားနည်းချက်တွေကို ဝေဖန်အကဲဖြတ်တာမျိုးမလုပ်ဘဲ ရုပ်ရည်အသွင်အပြင်၊ စိတ်နေစိတ်ထားစတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုလုံးကို လက်ခံပေးနိုင်တဲ့လူမျိုးပါ။


လူရွေးမှန်တဲ့ပျိုမေတို့အနေနဲ့ အချစ်ခံရတဲ့ခံစားချက်မျိုးအပြင် လုံခြုံနွေးထွေးမှုရှိပြီး ချစ်သူနဲ့အတူရှိနေတဲ့ အချိန်ဆို ကိုယ့်မှာရှိတဲ့ အခက်အခဲအားလုံးကို မေ့ပျောက်သွားစေနိုင်လောက်တဲ့အထိ စိတ်အေးချမ်းမှုကို ခံစားရစေပါတယ်။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ရဲ့ နှလုံးသားက လူရွေးမှန်ကြောင်းပြောပြနေတဲ့ အချက် (၆)ချက်ကို ဖော်ပြပေးလိုက်တယ်နော်။

၁။ လုံခြုံနွေးထွေးမှုကို ခံစားရတယ်


ဘဝမှာ အတက်အကျ၊ အနိမ့်အမြင့်ဆိုတာ အမြဲကြုံတွေ့နေရမှာပါ။ ကိုယ့်ရဲ့ Right Person ဆိုရင်တော့ အခက်အခဲတစ်ခုခုကြုံလာတိုင်း စကားလုံးနဲ့ပဲဖြစ်ဖြစ်၊ အပြုအမူနဲ့ပဲဖြစ်ဖြစ် အနားမှာအမြဲနှစ်သိမ့်ပေးပြီး လုံခြုံနွေးထွေးမှုရစေပါတယ်။

၂။ စိတ်ရောကိုယ်ပါ အမြဲတမ်း မှီခိုနိုင်တယ်


ကိုယ့်ချစ်သူက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ရှေ့က မားမားမတ်မတ်ရပ်တည်ပေးတယ်၊ လုပ်ယူစရာမလိုဘဲ သူ့အလိုလို အသေးစိတ် ဂရုစိုက်ပေးဂရုစိုက်ပေးတာကြောင့် ပျိုမေတို့အနေနဲ့ စိတ်ရော ကိုယ်ပါ မှီခိုနိုင်တယ်ဆိုရင်တော့ ဒါဟာ လူရွေးမှန်တယ်ဆိုတာကို ဖော်ပြပေးနေတာပါ။

၃။ နားလည်မှုရှိတဲ့ အချစ်ရေး


Right Person ကိုချစ်သူတော်ထားရတဲ့ သူတွေအတွက်ကတော့ ကိုယ့်အချစ်ရေးအဆင်ပြေဖို့ အသေးစိတ်လုပ်ယူနေစရာမလိုပါဘူး။ ကိုယ့်ကိုအမြဲချစ်ပြီး အားကိုးရတဲ့အပြင် အကောင်းဆုံးသူငယ်ချင်းတစ်‌ယောက်လိုလည်း နားလည်မှုအပြည့်ရှိပေးမှာပါ။ တချို့အချိန်တွေမှာ အဆင်မပြေရင်တောင် သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးက ကြားလူဝင်လို့မရလောက်တဲ့ နားလည်မှုရှိပြီး တည်ငြိမ်လေးနက်မှု ရှိတဲ့ အချစ်မျိုးဖြစ်ပါတယ်။

၄။ ဘယ်တော့မှ အထီးကျန်တယ်လို့ မခံစားရဘူး


Right Person သာဆိုရင် တစ်နေ့တာမှာ ကောင်းကောင်းဆိုးဆိုး ဘာပဲကြုံကြုံ ကိုယ့်အနားမှာ အမြဲရှိပေးနေတဲ့အတွက် တစ်ကမ္ဘာလုံးနဲ့ တစ်‌ယောက်ရင်ဆိုင်ရရင်တောင် အထီးကျန်တဲ့ခံစားချက်မျိုးကို ရမှာမဟုတ်ပါဘူး။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေတယ်


လေ့လာမှုတွေအရ Right Person ကို ချစ်သူတော်ထားတဲ့သူတွေဟာ နေ့စဉ်ဘဝမှာမက ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်မှာပါ ပိုပြီးယုံကြည်မှုရှိလာတတ်ကြပါတယ်။ ကိုယ့်ကို အမှန်တကယ်ချစ်တဲ့သူဆိုရင် ကိုယ်နဲ့ပတ်သတ်တဲ့အရာအားလုံးကို ဂရုစိုက်အလေးထားပြီး မတူညီတဲ့နည်းလမ်းတွေနဲ့ အမြဲချီးမွမ်းပေးမှာပါ။

၆။ အကောင်းမြင်စိတ် ပိုများလာစေတယ်

Right Person ဟာ သင့်ဘဝမှာ ကောင်းတဲ့ကိစ္စတွေကြုံလာရင် သူပါအတူပျော်ပေးသလို မကောင်းတာတွေကြုံလာရင်လည်း ကြောက်ရွံတုန်လှုပ်တာမျိုးမဖြစ်အောင် အားပေးတတ်တဲ့အတွက် ကိုယ့်ရဲ့အကောင်းမြင်စိတ်ကိုလည်း ပိုများလာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar