ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ကိုယ့်ရဲ့မျက်နှာကဝိုင်းပြီး ဖောင်းနေသလိုမြင်ရတာကို မကြိုက်တဲ့ ပျိုမေတို့အတွက် သဘာဝအတိုင်း မျက်နှာသွယ်သွယ်လေးရစေဖို့ ပြုလုပ်ပေးရမယ့် မျက်နှာယောဂ လေ့ကျင့်ခန်းတွေကို ဝေမျှပေးပါရစေ။

မျက်နှာကို ယောဂလေ့ကျင့်ခန်းပြုလုပ်ပေးတာက မျက်နှာသွယ်စေတဲ့အပြင် သွေးလည်ပတ်မှုအားကောင်းပြီး အသားအရေကိုနုပျိုစိုပြေလာစေပါတယ်။ Face Yoga က မျက်နှာအကြောနဲ့ ကြွက်သားတောင့်တင်းမှုကိုပါ ဖြေလျော့နိုင်တာကြောင့် စိတ်လက်ပေ့ါပါးပြီး စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ ဒီလိုအကျိုးတွေရရှိစေဖို့ ပြုလုပ်ပေးရမယ့် ယောဂလေ့ကျင့်ခန်းတွေကတော့-

လေ့ကျင့်ခန်း ၁

ကိုယ်ခန္ဓာအပေါ်ပိုင်း ပခုံးနဲ့ရင်ဘတ်ကိုဖြေလျှော့ထားပြီး အသက်ရှူသွင်းရှူထုတ်ဖြေးဖြေးချင်းလုပ်ပါ။ ပြီးနောက် ပုံပါအတိုင်း လည်ပင်းဆန့်ကာ အပေါ်မော့ပြီး လျှာထုတ်ပေးရမှာပါ။ ဒီလိုယောဂပုံစံကို တစ်နေ့ငါးကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် မေးနှစ်ထပ်ဖြစ်ခြင်းကိုသက်သာစေပြီး မေးရိုးတင်းရင်းလာစေပါတယ်။

လေ့ကျင့်ခန်း ၂

ပုံပါအတိုင်း ပါးစပ်ထဲမှာလေအပြည့်ဖောင်းထားရပါမယ်။ နှာခေါင်းကတစ်ဆင့်အသက်ရှူပြီး စက္ကန့်သုံးဆယ်ကြာ ပါးနှစ်ဖက်အတွင်းလေဖောင်းထားဖို့လိုပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်ပါးနဲ့နှုတ်ခမ်းဘေးတစ်ဝိုက်ကြွက်သား သွေးလည်ပတ်စေဖို့လေ့ကျင့်ပေးရာရောက်တာကြောင့် မျက်နှာအရေးအကြောင်းပေါ်ခြင်းကို လျှော့ချနိုင်ပြီး အသားအရောင်စိုပြေလာစေပါတယ်။

လေ့ကျင့်ခန်း ၃

ဒီလေ့ကျင့်ခန်းက လျှာအသွင်းအထုတ်ငါးကြိမ်ပြုလုပ်ပေးရမှာပါ။ ပြုလုပ်တဲ့အခါမှာ နှာခေါင်းကလေရှူသွင်းပြီး ပါးစပ်ကတစ်ဆင့်ရှူထုတ်ရပါမယ်။ မျက်နှာကြွက်သားတွေဖြေလျော့စေပြီး Collagen ထုတ်လုပ်မှု ကောင်းစေတာကြောင့် သင့်မျက်နှာအသားအရေကို Glow လာစေမှာပါ။

လေ့ကျင့်ခန်း ၄

ပုံပါအတိုင်း အပေါ်နှုတ်ခမ်းနဲ့မေးရိုးကိုအောက်ချပြီး ‘O’ ပုံစံပါးစပ်လုပ်ပေးရမှာပါ။ ပြီးနောက်မျက်လုံးလှန်ကြည့်ပြီး ဆယ်စက္ကန့်နေပေးရပါမယ်။ ဒါမျိုးတစ်နေ့နှစ်ကြိမ်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက အသက်ရလာတဲ့အခါ ပါးရေတွန့်ပြီး အရေပြားတွဲကျခြင်းတွေမဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၅

လည်ပင်းအစပ်နားကိုလက်နဲ့ဖိပေးရပါမယ်။ ပြီးနောက် လည်ပင်းနဲ့မေးစေ့ကိုတင်းပြီးမော့ထားပေးပါ။ ဒီပုံစံအတိုင်းလည်ပင်းအတင်အချ စက္ကန့်နှစ်ဆယ်ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက သင့်ကို မျက်နှာသွယ်ပြီး သဘာဝအတိုင်း မေးရိုးထင်းထင်းလေးဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၆

ဒီလွယ်ကူတဲ့လေ့ကျင့်ခန်းကတော့ နှုတ်ခမ်းကိုရှေ့စူထုတ်လိုက် ပြန်ချလိုက်ထပ်ခါထပ်ခါလုပ်ပေးရမှာပါ။ ပါးစောင်နဲ့မေးရိုးတွေတင်းရင်းစေပြီး V Shape မျက်နှာလေးကိုရရှိစေနိုင်တဲ့အပြင် အိုမင်းရင့်ရော်ပုံပေါ်စေမယ့် အရေးအကြောင်းတွေ မဖြစ်အောင်လည်းလျှော့ချပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar