အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ကိုယ့်ရဲ့နှာတံကို ရှိရင်းစွဲထက်ပိုလှချင်တဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ ခွဲစိတ်စရာမလိုဘဲ သဘာဝအတိုင်း နှာတံပုံကျလာစေမယ့် လေ့ကျင့်ခန်းတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

၁။ နှာတံပုံဖော်ခြင်း

သင့်ပါးစပ်ကို “O” ပုံစံဟထားပြီး အပေါ်မော့ကြည့်ပေးပါ။ ပြီးနောက် လက်ညိုးနှစ်ခုနဲ့ နှာတံဘေးတစ်ဖက်စီကို အနည်းငယ်ဖိထားပြီး အသက်ခပ်ပြင်းပြင်းရှူထုတ်ပေးရပါမယ်။ ဒီပုံစံအတိုင်း တစ်နေ့ကို (၁၀) စက္ကန့် သုံးကြိမ်ပြုလုပ်ပေးသင့်ပါတယ်။ နှာတံကို လိုသလိုညှိနိုင်စေမယ့် လေ့ကျင့်ခန်းဖြစ်ပြီး နှာခေါင်းတင်းရင်းစေဖို့ အတွက်ပါ ကူညီပေးနိုင်ပါတယ်။

၂။ နှာခေါင်းထိပ်ပင့်ပေးခြင်း

နှာသီးထိပ်ခပ်မြင့်မြင့်လေးဖြစ်စေပြီး နှာခေါင်းရိုးသန်မာစေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပုံပါအတိုင်း လက်ညိုးနဲ့ နှာသီးကိုပင့်ထားပြီး တစ်ဖက်လက်ညိုးလက်မနဲ့ နှာခေါင်းကိုခပ်ဖွဖွဖိပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့်(၂၀) သုံးကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

၃။ နှာတံဖြောင့်စင်းစေဖို့

လုပ်ရလွယ်ကူပြီး နှာတံဖြောင့်ဖြောင့်ရစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်ညိုးနဲ့နှာခေါင်းထိပ်ကို အနည်းငယ်ပင့်ထားပြီး နှာတံကိုအပေါ်အောက် ရှေ့တိုးနောက်ဆုတ်ပြုလုပ်ပေးရပါမယ်။ သိသာတဲ့ရလဒ်အတွက် တစ်နေ့ အကြိမ် (၂၀) မှ (၃၀) အထိပြုလုပ်ပေးပါ။

၄။ အသက်ရှု ယောဂလေ့ကျင့်ခန်း


အာရုံစိုက်ပြီး ရှုသွင်းရှုထုတ်ပြုလုပ်ရတဲ့ အသက်ရှုလေ့ကျင့်ခန်းတွေကလည်း သင့်နှာတံကြွက်သားတွေကို သန်မာစေပြီး ပုံကျလာအောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ပြုလုပ်ပေးရမှာကတော့ သက်တောင့်သက်သာထိုင်ပြီး နှာခေါင်းတစ်ဖက်ကို လက်မနဲ့ပိတ်ထားပြီး ကျန်တစ်ဖက်နဲ့ခပ်ပြင်းပြင်းရှုသွင်းပါ။ ပြီးနောက် ကျန်တစ်ဖက်ကိုပါ ပိတ်ထားပြီး ၄စက္ကန့်လောက်အသက်အောင့်ထားပေးပါ။ ပြီးရင်တော့ ပြန်လည်ရှုထုတ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို နှာခေါင်းတစ်ဖက်စီအတွက် (၁၀) ကြိမ်ပြုလုပ်ပေးပါ။

၅။ နှာခေါင်းအဆီကျစေဖို့


ဒီလေ့ကျင့်ခန်းကတော့ ပုံပါအတိုင်း လက်ညိုးနှစ်ခုနဲ့ နှာခေါင်းဘေးကနေ မျက်ခုံးနားအထိ အပေါ်ကိုဝိုက်ပြီး ဖြေးဖြေးချင်း ပွတ်ဆွဲပေးရမှာပါ။ တစ်နေ့ ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ သင့်နှာခေါင်းဘေးကအဆီပိုတွေ ချပ်ရပ်လာစေပါလိမ့်မယ်။

၆။ နှာတံကိုနှိပ်နယ်ခြင်း


နှာခေါင်းအပေါ်မှ ထိပ်ဖျား၊ နှာတံဘေးနှစ်ဖက်တို့ကို လက်ညိုးနဲ့လက်မအသုံးပြုပြီး ဖြေးဖြေးချင်း ဖိညှစ်နှိပ်နယ်ပေးပါ။ နှာတံကျဉ်းပြီး ပုံကျစေဖို့ နေ့စဉ်ပုံမှန် ငါးမိနစ်ခန့်နှိပ်နယ်ပေးနိုင်ပါတယ်။

Photo Source: Youtube, Pinterest