အားလုံးပဲ မင်္ဂလာပါ။ လေ့ကျင့်ခန်းလုပ်ရင်းဝိတ်ချဖို့ စဉ်းစားနေသူတွေအတွက် အချိန်ကုန်၊ လူပင်ပန်းမဖြစ်စေဘဲ အချိန်တိုအတွင်း ထိထိရောက်ရောက်နဲ့ ကယ်လိုရီအများဆုံးလောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတွေအကြောင်း ပြောပြပေးချင်ပါတယ်နော်။ တော်တော်များများနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်းတွေဖြစ်တာမို့ လုပ်ရလွယ်ပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးစာအတွက် ထိထိရောက်ရောက် ကယ်လိုရီလောင်ကျွမ်းစေမှာပါ။ ဒီတော့ လုပ်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-

ကြိုးခုန်ခြင်း


တစ်ကိုယ်လုံးလှုပ်ရှားပေးရတဲ့ ကြိုးခုန်လေ့ကျင့်ခန်းက သင့်ကိုကယ်လိုရီတော်တော်များများ လောင်ကျွမ်းစေတဲ့အပြင် လက်ကိုလွှဲပြီးခုန်ရတာမို့ လက်မောင်းနဲ့ ပုခုံးကကြွက်သားတွေကိုပါ တင်းရင်းကျစ်လျစ်လာစေမှာပါ။

လှေကားတက်ခြင်း


လှေကားအတက်အဆင်းက အိမ်မှာနေရင်းနဲ့လည်း လုပ်လို့ရတာမို့ လူတိုင်းနဲ့မစိမ်းတဲ့ လှုပ်ရှားမှုတစ်ခုပါ။ အထပ်မြင့်တွေရောက်တဲ့အခါ ဓာတ်လှေကားအစား ရိုးရိုးလှေကားသုံးလိုက်တာက သင့်ခန္ဓာကိုယ်တွင်းပိုနေတဲ့ကယ်လိုရီတွေကို လောင်ကျွမ်းပြီးသား ဖြစ်စေပါလိမ့်မယ်။

မြန်မြန်ပြေးတာ


လမ်းလျှောက်တာနဲ့ ပြေးတာက အလွယ်ဆုံးနဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်းလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ မနက်ပိုင်းတွေမှာ ခပ်မြန်မြန်ပြေးတာ၊ လမ်းထွက်လျှောက်တာမျိုး လုပ်ပေးပါ။ တစ်နေ့တာလုံး ကယ်လိုရီတွေ ဆက်လောင်ကျွမ်းနေစေမှာပါနော်။

စက်ဘီးစက်နင်းခြင်း


Gym သွားပြီးတော့ပဲဖြစ်ဖြစ် အိမ်မှာကိုယ်ပိုင်စက်နဲ့ဖြစ်ဖြစ် လုပ်လို့ရတဲ့ ဒီစက်ဘီးစက်နင်းလေ့ကျင့်ခန်းကလည်း ကယ်လိုရီလောင်ကျွမ်းပြီး ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကျစ်လျစ်လာစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။

ကြိုးအကြီး မ ခြင်း


ကြိုးအကြီးနှစ်ချောင်းကို လက်နှစ်ဖက်နဲ့ဆွဲကာ လှိုင်းပုံစံ အားပါပါလွှဲရင်း လုပ်ရတဲ့ ဒီလေ့ကျင့်ခန်းကလည်း အပေါ်ပိုင်းကြွက်သားတွေကျစ်လျစ်လာအောင် လေ့ကျင့်ပေးတဲ့အပြင် တစ်ကိုယ်လုံးအားသုံးရတာမို့ ခဏလေးနဲ့ ချွေးထွက်ပြီး ကယ်လိုရီများများလောင်ကျွမ်းစေမှာပါ။

ဒိုက်ထိုးလေ့ကျင့်ခန်း


မတ်တပ်ရပ်အနေအထားကနေ ငုံ့ချကာ ဒိုက်ထိုးပြီး ပြန်ထရတဲ့ လေ့ကျင့်ခန်းကလည်း တစ်ကိုယ်လုံးက အဆီတွေကို အခြားသော လေ့ကျင့်ခန်းတွေထက် ၅၀ ရာခိုင်နှုန်းပိုပြီး လောင်ကျွမ်းစေပါတယ်။ အစာခြေနှုန်းကိုလည်း မြှင့်တင်ပေးတာမို့ ဒိုက်ထိုးလေ့ကျင့်ခန်းတွေကို မဖြစ်မနေထည့်လုပ်ပေးဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar