မင်္ဂလာပါ ပျိုမေတို့ရေ။ အလုပ်ကြောင့်အချိန်သိပ်မပေးနိုင်လို့ အသားအရေကို သေချာဂရုမစိုက်ဖြစ်တဲ့ သူတွေရှိလား။ အထူးသဖြင့် နေ့တိုင်းနီးပါးအပြင်ထွက်ရ၊ အလုပ်သွားရတဲ့သူတွေက အသားအရေမှာ ဖုန်နဲ့ အညစ်အကြေးတွေ ကပ်လွယ်တာမို့ ပြန်ဂရုမစိုက်ဘဲပြစ်ထားတာများရင် ပိုပြီးပျက်စီးလာမှာပါ။ ဒီလိုမဖြစ်ရအောင် အလုပ်များတဲ့ပျိုမေတို့ ပုံမှန်လေးလုပ်ပေးဖို့လိုတဲ့ Skincare အဆင့်တွေကို ဖော်ပြပေးချင်ပါတယ်။ အချိန်နည်းနည်းနဲ့ အပန်းမကြီးတဲ့နည်းတွေဖြစ်တာမို့ ပုံမှန်လေး လိုက်နာပေးမယ်ဆိုရင် အသားအရေလေး အမြဲလှနေအောင် ပံ့ပိုးပေးမှာပါ။
နေ့တိုင်း မိတ်ကပ်လိမ်းတာကို ရှောင်ပါ
အလုပ်သွားတဲ့အခါ နေ့တိုင်းနီးပါး မိတ်ကပ်ပြင်ရတာမို့ ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာတွေဖြစ်ပြီး အသားအရေထိခိုက်လာမှာပါ။ သင့်အနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါ Foundation ထူထူလိမ်းတာမျိုးကိုရှောင်ပြီး ခပ်ပါးပါးပဲ လိမ်းသွားသင့်ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး နှစ်ရက်လောက် မိတ်ကပ်လုံးဝ မလိမ်းဘဲ အသားအရေကို အနားပေးပါ။
အလုပ်ကပြန်ရောက်တာနဲ့ မျက်နှာကို သန့်စင်လိုက်ပါ
မိတ်ကပ်ပစ္စည်းတိုင်းက Chemical ပါတာမို့ လိမ်းထားပြီး အချိန်ကြာလာတဲ့အခါ မျက်နှာပေါ်မှာ အညစ်အကြေးတွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။တစ်နေ့ကို ၈နာရီထက်ပိုပြီး မိတ်ကပ်မလိမ်းထားသင့်ပါဘူး။ အလုပ်ကပြန်ရောက်တာနဲ့ ချက်ချင်း မိတ်ကပ်ဖျက်ပြီး သန့်စင်ပေးတဲ့ အကျင့်လုပ်ထားပေးပါ။ Cleanser ကောင်းကောင်းနဲ့ ပြောင်နေအောင် ပုံမှန်မျက်နှာသစ်ပေးတာက အသားအရေကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။
Sunscreen ပုံမှန်လိမ်းပါ
နေလောင်ဒဏ်ကာကွယ်ရုံတင်မက အသားအရေပြဿနာတော်တော်များများ မဖြစ်စေဖို့ Sunscreen ကိုပုံမှန်လိမ်းပေးပါနော်။ လေ့လာသူတွေက Sunscreen မလိမ်းတဲ့သူတွေဟာ အသားနီမြန်းလွယ်တာ၊ အလက်ဂျစ်နဲ့ အရေးအကြောင်းဖြစ်နိုင်ချေ ပိုများတတ်တယ်လို့ ပြောကြပါတယ်။
အိပ်ချိန်ပုံမှန်ထားပါ
သင်က Skincare တွေ ဘယ်လောက်ပဲလုပ်လုပ် အိပ်ရေးမဝရင် အသားအရေက မွဲခြောက်ခြောက် ဖြစ်နေအုန်းမှာပါ။ အိပ်ရေး၀၀အိပ်ထားတဲ့သူက မလိုအပ်တဲ့ အသားအရေပြဿနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်တာမို့ တစ်နေ့မှာ ၇ နာရီပြည့်အောင် စောစောအိပ်တဲ့အကျင့်လုပ်ပေးသင့်ပါတယ်။
ညဘက်မှာ အသားအရေထိန်းသိမ်းမှုပေးပါ
သင့်အနေနဲ့ မနက်ပိုင်းအချိန်မပေးနိုင်ရင် ညဘက်တွေမှာ Skincare ပုံမှန်လုပ်ပေးပါနော်။ ညပိုင်းမှာ အသားအရေအတွင်း ဆဲလ်အသစ်တွေ လည်ပတ်စေတာမို့ သုံးလိုက်တဲ့ Skincare က စိမ့်ဝင်မှုပိုကောင်းပြီး ထိရောက်စေမှာပါ။ မျက်နှာသေချာသန့်စင်ပြီး Toner ၊ Night Cream နဲ့ Moisturizer တွေကို လက်အသန့်နဲ့ မျက်နှာကို နှိပ်နယ်ရင်းလိုက်ပေးလိုက်ပါ။ ခဏအတွင်းအသားအရေပြောင်းလဲပြီး မနက်ခင်းတွေမှာ Glow Skin နဲ့နိုးထနိုင်ပါလိမ့်မယ်။
နှစ်ပတ်တစ်ခါလောက် ချေးချွတ်ပေးပါ
ဖုန်နဲ့အညစ်အကြေးတွေက မပြောင်ဘဲ ချွေးပေါက်ထဲကျန်နေခဲ့တတ်တာမို့ ပုံမှန်လေး Exfoliate လုပ်ပေးဖို့ မမေ့ပါနဲ့နော်။ သိသိသာသာ အသားကြည်လာဖို့ နှစ်ပတ်တစ်ကြိမ်လောက် ပုံမှန်ချေးချွတ်ပေးပါ။ သဘာဝနည်းနဲ့ပြုလုပ်ထားတဲ့ Scrub တွေကိုပါ သုံးကြည့်နိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar