လူတိုင်းနီးပါး တစ်ခါတစ်ရံမှာ ကိုယ်တကယ်ဖြစ်ချင်တဲ့ အနာဂတ်ဘဝလမ်းကြောင်းကဘာလဲဆိုတာ ကိုယ်တိုင် သေချာမသိဘဲ ေ၀ဝါးနေတာ၊ လမ်းပျောက်နေတာမျိုးဖြစ်ဖူးကြမှာပါ။ ဒီလိုဘဝအတွက်ဖြစ်ချင်တဲ့ လမ်းကြောင်းကို မဆုံးဖြတ်နိုင်တဲ့အခါ ကိုယ်လုပ်နေတဲ့အလုပ်ကတစ်ဆင့် စစ်မှန်တဲ့ပျော်ရွှင်မှုကိုမရနိုင်တာ၊ အဆိုးမြင်စိတ်ဝင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာ၊ ဘဝတိုးတက်မှုမရှိတော့တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်လိုချင်တဲ့လမ်းကြောင်းကိုသေချာသိပြီး အောင်မြင်အောင်ဆက်လျှောက်နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူသလို ကိုယ်တိုင်ကြိုးစားအားထုတ်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။

ဒီတစ်ခေါက်မှာ ဆက်လျှောက်ရမယ့်ဘဝလမ်းကြောင်းကို သေချာမသိဘဲ၀ဝါးနေသလို ခံစားနေရတဲ့ သူတွေအတွက် ကိုယ့်အကြောင်းကိုယ်ပိုသိဖို့ ပြုလုပ်ပေးသင့်တဲ့အရာတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ပျော်ရွှင်ဖို့လိုအပ်တဲ့အရာကို အချိန်ပေးပြီးဆန်းစစ်ပေးပါ

အရင်ဆုံး သင့်ဘဝအတွက် အရေးအကြီးဆုံးနဲ့အလိုအပ်ဆုံးဖြစ်တဲ့အရာတွေကို ဆန်းစစ်ပေးပါ။ ဥပမာ မိသားစု၊ ငွေကြေးနဲ့ အချစ်ရေးစတာတွေထဲက သင့်ကိုအမှန်တကယ်ပျော်ရွှင်စေမယ့် ဘဝအတွက်မရှိမဖြစ်အရာတွေက ဘာတွေဖြစ်မလဲဆိုတာ သိအောင်လုပ်ထားဖို့လိုပါတယ်။

၂။ ဝါသနာအသစ်တွေ အစပျိုးကြည့်ပါ

တကယ်လို့သင်က ကိုယ်တိုင်က ဘာကိုလိုချင်မှန်းမသိ၊ ဘာဖြစ်ချင်မှန်းစဉ်းစားရ အရမ်းခက်နေတယ် ဆိုရင်တော့ အတွေ့အကြုံတွေကတစ်ဆင့်သိနိုင်ဖို့ ဝါသနာအသစ်တွေရှာဖွေပြီး လက်တွေ့လုပ်ကြည့်သင့်ပါတယ်။ ဒီလိုလုပ်တာက ကိုယ့်အကြောင်းကိုယ်ပိုသိစေတဲ့အပြင် ဘဝအတွက်အရေးပါတဲ့အရာတွေကိုပါ ရှာတွေ့လာစေပါလိမ့်မယ်။

၃။ နောင်နှစ်အနည်းငယ်မှာ ဘာဖြစ်ရမယ်ဆိုတာမျိုး ကြိုတွေးထားပါ

နောင်ငါးနှစ်လောက်မှာ သင်ရောက်နေမယ့်နေရာကို ကြိုပုံဖော်ပေးတာကလည်း သင့်ကိုလမ်းမပျောက်ဘဲ Goal တစ်ခုဆီရောက်အောင် အစီအစဉ်တကျသွားနိုင်ဖို့ ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ဘယ်အရာကိုမဆို ရှေ့ကိုကြိုတွေးပြီး ကိုယ်လိုချင်တဲ့ Goal ဆီရောက်ဖို့လိုအပ်တဲ့ အရည်အသွေးတွေဖြည့်ပေးတာမျိုး ပြုလုပ်ပေးဖို့လိုပါတယ်။

၄။ ကိုယ့်စိတ်ကိုအနှောက်အယှက်ပေးနေတဲ့အရာတွေကိုရှင်းထုတ်ပေးပါ

စစ်မှန်တဲ့ ဘဝပျော်ရွှင်မှုလမ်းကြောင်းပေါ်ရောက်ဖို့ ကိုယ့်အတွက် စိတ်အနှောက်အယှက်၊ အဟန့်အတား ဖြစ်စေမယ့်အရာတွေကို ရှင်းထုတ်ပေးဖို့လည်းမမေ့သင့်ပါဘူး။ ဥပမာ သင့်ကိုမပျော်ရွှင်စေတဲ့အလုပ်ခွင်၊ ပတ်ဝန်းကျင်က မကောင်းတဲ့သူငယ်ချင်းစတာတွေကို ဘဝထဲက ရှင်းထုတ်လိုက်ဖို့လိုပါတယ်။

၅။ နောင်တကင်းကင်းနေထိုင်ပါ

အတိတ်ကအမှားတွေကိုပြန်တွေးပြီး နောင်တရနေတတ်တာက သင့်ကိုစိတ်အဟန့်အတားဖြစ်စေတဲ့အပြင် ကိုယ်လုပ်ရမယ့်အလုပ်တွေကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း အတိတ်ကိုပြုပြင်လို့မရနိုင်တာကြောင့် ပျော်ရွှင်တဲ့ဘဝလမ်းကြောင်းပေါ်ရောက်ဖို့ လက်ရှိအချိန်နဲ့ အနာဂတ်ကိုသာ အာရုံစိုက်ထားဖို့အကြံပြုချင်ပါတယ်။

၆။ တစ်ယောက်ယောက်နဲ့ရင်ဖွင့်ပါ

Photo Source: lingoneo

တစ်ခါတစ်ရံ ကိုယ်တိုင်စဉ်းစားရခက်နေတဲ့အချိန် ကိုယ့်မိသားစု ဒါမှမဟုတ် လေးစားအားကျရတဲ့သူတွေ ဆီမှာရင်ဖွင့်လိုက်တာမျိုးပြုလုပ်ပေးပါ။ ဒါက သင့်ကိုအနည်းနဲ့အများခွန်အားဖြစ်စေမယ့်အပြင် အကြံဉာဏ်ကောင်းတွေ ရလာဖို့ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar