သင်အနေနဲ့ ဝိတ်ကျဖို့အတွက်ဆိုရင် တစ်နေ့တာအတွင်း စားထားတဲ့ ကယ်လိုရီပမာဏထက် ပိုများတဲ့ ကယ်လိုရီတွေ လောင်ကျွမ်းသွားဖို့လိုပါတယ်။ ကယ်လိုရီများများလောင်ကျွမ်းဖို့အတွက် လေ့ကျင့်ခန်းအပြင် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတွေပြုလုပ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် Gym မသွားဖြစ်တဲ့သူတွေ၊ လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက် နေ့စဉ်လုပ်ငန်းစဉ်တွေနဲ့အတူ ပြုလုပ်နိုင်တဲ့ ကယ်လိုရီ (၄၀၀) နီးပါးလောင်ကျွမ်းစေတဲ့ အလေ့အကျင့်တွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

မကြာခဏ လမ်းလျှောက်ခြင်း

လေ့ကျင့်ခန်းထွေထွေထူးထူးလုပ်စရာမလိုဘဲ လမ်းလျှောက်ခြင်းကလည်း သင့်ကိုကယ်လိုရီများများ လောင်ကျွမ်းစေနိုင်ပါတယ်။ ထိထိရောက်ရောက်လောင်ကျွမ်းချင်တဲ့သူတွေအနေနဲ့ ပုံမှန်ထက်အနည်းငယ် မြန်အောင် လျှောက်နိုင်ရင်ပိုကောင်းပါတယ်။ ရံဖန်ရံခါပြေးတာနဲ့ တောင်အတက်အဆင်းပါတဲ့လမ်းတွေ လျှောက်တာကလည်း ကယ်လိုရီလောင်ကျွမ်းမှုကိုပိုမြန်စေပါတယ်။

ရေကူးခြင်း

ရေကူးခြင်းက လူကိုလန်းဆန်းစေတဲ့အပြင် ကယ်လိုရီလောင်ကျွမ်းပြီး ဝိတ်ကျစေတဲ့အလေ့အကျင့်ကောင်း တစ်ခုလည်းဖြစ်ပါတယ်။ မိနစ် (၅၀) လောက် အရှိန်အတန်အသင့်နဲ့ ဖြေးဖြေးမှန်မှန်ရေကူးပေးတာက ပျမ်းမျှ ကယ်လိုရီပေါင်း ၅၀၀ ကိုလောင်ကျွမ်းသွားစေနိုင်ပါတယ်။

ကြက်တောင်ရိုက်ခြင်း

ကိုယ့်ရဲ့သူငယ်ချင်း ဒါမှမဟုတ် အိမ်ကလူတွေနဲ့အတူ အားတဲ့အချိန်တွေမှာ ပေါ့ပေါ့ပါးပါး အားကစားတွေ လုပ်ပေးတာကလည်း ကယ်လိုရီတွေလောင်ကျွမ်းပြီးသားဖြစ်စေပါတယ်။ ကြက်တောင်ရိုက်တာက တစ်နာရီအတွင်း ကယ်လိုရီ ၄၀၀ ကျော်အထိလောင်ကျွမ်းစေနိုင်ပါတယ်။

အိမ်သန့်ရှင်းရေးလုပ်ခြင်း

ကိုယ့်အိမ် ဒါမှမဟုတ် ကိုယ့်အခန်းပတ်ဝန်းကျင်ကို တစ်နာရီလောက်အချိန်ယူပြီး ပြင်ဆင်ရှင်းလင်းပေးတာ ကလည်း ကယ်လိုရီ ၄၀၀ လောက်ထိလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီလည်းလောင်ကျွမ်းပြီး ကိုယ့်နေရာလည်းသပ်သပ်ရပ်ရပ်လေးဖြစ်ဖို့ မကြာခဏ အိမ်သန့်ရှင်းရေးလုပ်တဲ့အလေ့အကျင့်ကို မွေးမြူထားသင့်ပါတယ်။

စက်ဘီးစီးခြင်း

နောက်ထပ် ကယ်လိုရီ ၄၀၀ လောင်ကျွမ်းစေနိုင်တဲ့ လွယ်ကူတဲ့ အလေ့အကျင့်ကတော့ စက်ဘီးစီးတာပါ။ တစ်နာရီလောက် ဖြေးဖြေးချင်း စက်ဘီးနင်းတာက ကယ်လိုရီ ၄၀၀ နီးပါး လောင်ကျွမ်းစေနိုင်ပြီး စိတ်ဖိစီးမှုလျော့ကျခြင်း၊ သွေးလည်ပတ်မှုကောင်းခြင်းနဲ့ အရိုးအဆစ်ကျစ်လစ်ခြင်းစတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်းရရှိစေနိုင်ပါတယ်။

ဘောလုံးကန်ခြင်း

ဘောလုံးကန်ရတာကြိုက်တဲ့သူတွေအနေနဲ့ သူငယ်ချင်းတွေနဲ့အတူ အပျော်တမ်းဘောလုံးကန်တာကလည်း ကယ်လိုရီတွေကိုလောင်ကျွမ်းစေဖို့အထောက်အကူပြုပါတယ်။ ပန်းခြံ ဒါမှမဟုတ် ဘောလုံးကွင်းတစ်ခုခုမှာ တစ်နာရီလောက် ဘောလုံးကန်ပေးတာက ကယ်လိုရီ ၅၀၀ နီးပါးကိုလောင်ကျွမ်းစေနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar