မင်္ဂလာပါနော်။ မကြာခဏလက်သည်းနီဆိုးပြီး လက်သည်းဖျက်ဆေးသုံးရတဲ့သူတွေရှိလား။ အာနိသင်ပြင်းတဲ့ လက်သည်းဖျက်ဆေးတွေမှာ Acetone လို့ခေါ်တဲ့ ဓာတုဓာတ်ပါဝင်တာကြောင့် သင့်လက်သည်းနဲ့ တိုက်ရိုက်ထိတွေ့တာများတဲ့အခါ လက်သည်းခွံခြောက်သွေ့ကြမ်းတမ်းပြီး စိုစိုပြေပြေမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့ ဒီလိုမျိုး သင့်လက်သည်းကျန်းမာရေးကို ထိခိုက်စေတဲ့ လက်သည်းဖျက်ဆေးတွေကို စွန့်ပစ်ပြီး DIY ဖျက်ဆေးသုံးနိုင်မယ့်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

သံပယိုရည်

သံပယိုသီးက လက်သည်းနီဖျက်ရာမှာသုံးနိုင်တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ ပထမဆုံး ဆပ်ပြာထည့်ထားတဲ့ ရေနွေးရည်ထဲမှာ လက်သည်းခွံမြုပ်တဲ့အထိ ၃ မိနစ်လောက်စိမ်ပေးပါ။ ပြီးနောက် သံပယိုသီးစိတ်နဲ့ လက်သည်းကိုပွတ်ပြီး ဖျက်ပေးရမှာဖြစ်ပါတယ်။ ဖျက်ပြီးနောက် အစိုဓာတ်ရအောင် Moisturizer (သို့) Nail Oil တစ်မျိုးလိမ်းထားပေးပါ။

လက်သန့်ဆေးရည်

အရက်ပြန်ဓာတ်က လက်သည်းနီပျယ်စေတာမို့ အရက်ပြန်အာနိသင်ပါတဲ့ လက်သန့်ဆေးရည်ကို လက်သည်းနီဖျက်ရာမှာ အသုံးပြုနိုင်ပါတယ်။ လက်သန့်ဆေးရည်အနည်းငယ်ကို ဝါဂွမ်းနဲ့ယူပြီး လက်သည်းမှာပွတ်ပေးပါ။ လက်သည်းနီပြောင်သွားတဲ့အခါ လက်ပြန်ဆေးပေးရပါမယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးကို လက်သည်းတွေပေါ်လိမ်းထားပြီး Brush လေးနဲ့တိုက်ပေးပါ။ လက်သည်းဖျက်ဆေးတွေလောက် အပျက်မမြန်ပေမယ့် သေချာလေးဖျက်ပေးမယ်ဆိုရင် တဖြည်းဖြည်းပြောင်သွားပါလိမ့်မယ်။ ပြီးတဲ့အခါ ရေပြန်ဆေးချပေးရုံပါပဲ။

ရှာလကာရည်

ပထမဆုံး လက်သည်းနီအပျက်မြန်အောင် ရေနွေးနွေးထဲ ၁၀ မှ ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ ပြီးနောက် ရှာလကာရည်နဲ့ သံပယိုရည်တို့ကို ဆတူရောပြီး ဝါဂွမ်းနဲ့ယူကာ လက်သည်းတွေကို ပွတ်ပြီးဖျက်နိုင်ပါတယ်။ သူ့ကိုလည်း အသုံးပြုပြီးနောက်မှာ အစိုဓာတ်ထိန်းခရင်မ်တစ်ခုလိမ်းပေးသင့်ပါတယ်။

Alcohol

Alcohol ကလည်း လက်သည်းနီဖျက်ရာမှာ အရမ်းအသုံးဝင်ပါတယ်။ သူ့ကိုလည်း မသုံးခင် လက်သည်းကိုအရင် ရေနွေးလေးနဲ့စိမ်ပြီးမှ ဝါဂွမ်းနဲ့ Alcohol အနည်းငယ်ယူကာ ပွတ်ပေးရမှာဖြစ်ပါတယ်။

လက်သည်းနီ

လက်သည်းဖျက်ဆေးကုန်နေတဲ့အချိန် အလွယ်ကူဆုံးလုပ်နိုင်တဲ့နည်းဖြစ်ပါတယ်။ ကိုယ်ဖျက်ချင်တဲ့ လက်သည်းနီအပေါ်ကိုမှ တစ်ထပ် ထပ်ဆိုးပြီး မခြောက်ခင် ဂွမ်းနဲ့အမြန်ဖိသုတ်လိုက်ပါ။ အောက်ကဆိုးထားတဲ့လက်သည်းနီတွေ တစ်ခါထဲပါလာပါလိမ့်မယ်။ အကုန်စင်သွားအောင် နှစ်ခါ၊ သုံးခါလောက်လုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar