လူငယ်တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုက “ငါပို့တဲ့စာကို Reply မပြန်ဘူး ချေတယ်” ဆိုတာမျိုးပါပဲ။ Reply မပြန်လို့ စိတ်ဆိုးကြတာ၊ ရွ့ဲပြီး စောင်းမြောင်းကြတာမျိုးတွေလည်း ခဏခဏ ဖြစ်ပါတယ်။ ကိုယ့်ကို Reply မပြန်လို့ဆိုပြီး စိတ်ထဲအရမ်းထည့်ပြီး ခံစားနေရင် အလကားသပ်သပ် စိတ်အနှောင့်အယှက်ဖြစ်တာပဲ ရှိပါတယ်။ ဒါကြောင့် ခံစားပြီး တွေးမနေပါနဲ့။ တစ်စုံတစ်ယောက်က သင့် သင်ပို့လိုက်တဲ့စာကို Reply မပြန်နိုင်တဲ့ အဓိကအကြောင်းအရင်း ၆ ခု ရှိနိုင်ပါတယ်။

အလုပ်များနေလို့

ကိုယ်စာပို့လိုက်ပေမယ့် တစ်ဖက်လူက အလုပ်များနေတဲ့အခါမှာ စာမပြန်နိုင်ပါဘူး။ တချို့ဆို ဝင်တောင်မကြည့်နိုင်ပါဘူး။ တချို့ကျတော့လည်း ဝင်ကြည့်လိုက်ပေမယ့် အလုပ်များနေလို့ စာမပြန်ဖြစ်လိုက်တာမျိုး ရှိပါတယ်။ တစ်ဖက်လူမှာလည်း ဒီလိုအကြောင်းအရင်းတွေ ရှိနေတာကို ကိုယ်ကသွားပြီး ငါ့စာကို Reply မပြန်ဘူးဆိုပြီး စိတ်ဆိုးလို့မရပါဘူး။

သင်နဲ့စကားပြောဖို့စိတ်မဝင်စားလို့

ကိုယ်စိတ်ဝင်စားနေတဲ့သူက ကိုယ့်ကို စကားပြန်မပြောဘူး။ ကိုယ်က စာတွေပို့နေလည်း ဝင်မဖတ်ဘူး၊ ဝင်ဖတ်ပြီးရင်လည်း Reply မပြန်ဘူးဆိုရင်တော့ ထပ်မပို့ပါနဲ့တော့။ သူက သင်နဲ့စကားပြောဖို့ကို စိတ်မဝင်စားတာပါ။ သင်နဲ့စကားမပြောချင်တာပါ။ အဲ့တာကို ထပ်ထပ်ပြီးပို့နေရင် တစ်ဖက်လူအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခန့်မသင့်ရင် Block တာတောင် ခံရနိုင်ပါတယ်။

သင့်ကိုစိတ်ဆိုးနေလို့

ရည်းစားအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း တစ်ခုခုလုပ်မိထားတယ်ဆိုရင် သင့်စာကို သူ Reply မပြန်တာက သင့်ကိုစိတ်ဆိုးနေလို့ ဖြစ်ပါလိမ့်မယ်။ စိတ်ဆိုးနေရင်လည်း တမင်ကို Reply မပြန်ကြပါဘူးနော်။

Reply ပြန်ဖို့မေ့နေလို့

အလုပ်အရမ်းများတဲ့သူတွေ၊ အရမ်းမေ့တတ်တဲ့သူတွေကျတော့ Reply ပြန်ဖို့ကို မေ့နေတာပါ။ တစ်ဖက်လူကတော့ “ငါ့ကို Reply တောင်မပြန်ဘူး လာချေနေတယ်” လို့ထင်ပြီး စိတ်ဆိုးနေပေမယ့် ကိုယ်ကတော့ Reply ပြန်ဖို့ကို မေ့တာမျိုး၊ တချို့ဆို စာပြန်ပို့ပြီးပြီ ထင်နေကြတာမျိုးလည်း တကယ်ရှိပါတယ်။

ဘယ်သူနဲ့မှစကားပြောချင်စိတ်မရှိသေးလို့

လူတိုင်းမှာက သူ့အခြေအနေနဲ့သူ၊ သူ့အပူနဲ့သူ ရှိပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ့်မှာ စိတ်ညစ်စရာတွေရှိနေတဲ့အခါ ဘယ်သူနဲ့မှ စကားမပြောပဲ တစ်ယောက်တည်း အေးဆေးနေချင်တာမျိုး ရှိပါတယ်။ Facebook သုံးနေလည်း ဘယ်သူ့နဲ့မှ စကားမပြောချင်လို့ကို မပြောကြတာမျိုးပါ။ ဒါကြောင့် Reply မပြန်တဲ့အခါ ကိုယ်က နားလည်ပေးလိုက်ပါ။

သင့်စာကိုမမြင်လို့

တစ်ခါတစ်လေကျရင်လည်း ပို့လိုက်တဲ့စာကို မမြင်တာမျိုး ရှိတတ်ပါတယ်။ ကိုယ်က အရမ်းအရေးကြီးနေတဲ့အခါ စာထပ်ပို့တာမျိုး၊ ဖုန်းဆက်တာမျိုး လုပ်ကြည့်ပါ။ အလကားနေရင်း စိတ်ခုပြီး လျှောက်တွေးထင်နေမယ့်အစား ဘာလို့စာမပြန်တာလဲ မေးလိုက်တာကမှ ပိုအဆင်ပြေပါသေးတယ်။