မျက်နှာသစ်တာက ရိုးရှင်းတဲ့ အလုပ်တစ်ခုလို့ ထင်ရပေမယ့် အမှားလုပ်မိရင် အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရေရှည်အရေပြားပြဿနာကိုဖြစ်စေနိုင်တဲ့ အမှားအချို့ကို ရှောင်ရှားနိုင်ဖို့ မှားတတ်တဲ့အမှားတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

လက်မဆေးတာ

လူတော်တော်များများက မျက်နှာမသစ်ခင် လက်ကိုဆေးဖို့ မေ့နေတတ်ကြပါတယ်။ လက်ကိုမဆေးဘဲ မျက်နှာကိုကိုင်မိရင် လက်ကအညစ်ကြေးတွေ မျက်နှာကိုရောက်နိုင်တာမလို့ မျက်နှာကို မကိုင်ခင် လက်ကို အမြဲဆေးဖို့ မမေ့ပါနဲ့။

အကြာကြီးသစ်တာ

မျက်နှာကို ရေနဲ့ ဆပ်ပြာ အလွန်အကျွံ ထိမိရင် အရေပြားရဲ့ သဘာဝ Lipid များကို ဖယ်ရှားပစ်တာကြောင့် အသားအရေကိုခြောက်ပြီး ယားစေပါတယ်။ ဒါကြောင့် မျက်နှာကို မကြာခဏသစ်တာ ဒါမှမဟုတ် အကြာကြီးသစ်တာကို ရှောင်ပါ။

မျက်နှာသုတ်ပဝါမလျှော်တာ

မျက်နှာသုတ်တဲ့ ပုဝါကို မလျှော်ဘဲထားမိရင် ဘတ်တီးရီးယားတွေ ပေါက်လာနိုင်တာမလို့ ပုဝါကို တစ်လထက်ပိုပြီး မသုံးပါနဲ့။ အနည်းဆုံး နှစ်ပတ်တစ်ကြိမ် လျှော်ပေးပါ။

ပူလွန်း အေးလွန်းတဲ့ရေသုံးတာ

မျက်နှာသစ်တဲ့အခါ သုံးတဲ့ရေက ပူလွန်းရင် အသားအရေကိုခြောက်စေပြီး အထူးသဖြင့် ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရေသမားတွေအတွက် အသားနီတာ ရောင်တာမျိုးတွေဖြစ်စေပါတယ်။ ဒါ့အပြင် ရေအေးလွန်းရင်လည်း အရေပြားရဲ့ အစိုဓာတ်ကို စုပ်ယူသွားပြီး အသားအရေကို နီပြီး မွဲခြောက်ခြောက်ဖြစ်စေပါတယ်။ ဒါကြောင့် မပူလွန်း မအေးလွန်းတဲ့ရေကို သုံးပေးပါ။

Exfoliation အရမ်းများတာ

Exfoliation လုပ်တာက skincare routine အတွက် အရေးကြီးတာမှန်ပေမယ့် မကြာခဏ exfoliation လုပ်မိရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာပြီး အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ်လုပ်ပေးပါ။

မျက်နှာသစ်ဆေးကို မှားသုံးတာ

မျက်နှာသစ်ဆေးအားလုံးက အသားအရေအမျိုးအစားအားလုံးနဲ့ သင့်တော်တာမဟုတ်လို့ ကိုယ့်အသားအရေအမျိုးအစားအတွက် ထုတ်ထားတဲ့မျက်နှာသစ်ဆေးကို သေချာရွေးသုံးပါ။