ဘယ်အချိန်ကြည့်ကြည့် ခန္ဓာကိုယ်ကောက်ကြောင်းလှလှလေးတွေပိုင်ဆိုင်ထားကြတဲ့ နာမည်ကြီးမင်းသမီးတွေ Model တွေမှာ သူတို့ရဲ့ဝိတ်ကိုထိန်းထားနိုင်ဖို့ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းကောင်းလျို့ဝှက်ချက်တွေ ရှိကြပါတယ်။ ဒါတွေက လက်တွေ့မှာတကယ်အသုံးဝင်ပြီး လူတိုင်းလိုက်လုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်တာကြောင့် ဝိတ်ကျချင်တဲ့ပျိုမေတို့ အတုယူနိုင်ဖို့အတွက် ဒီတစ်ခေါက်မှာ Celebrity တွေကိုယ်တိုင် ကျင့်သုံးလေ့ရှိတဲ့ ကိုယ်ခန္ဓာအလှအပဆိုင်ရာ ထိန်းသိမ်းနည်းလျို့ဝှက်ချက်အချို့ကို မျှဝေပေးပါရစေ။

၁။ သံပယိုရည်သောက်ပါ

ပထမဆုံးအနေနဲ့ နာမည်ကျော်တွေပြုလုပ်လေ့ရှိတဲ့အရာကတော့ မနက်ပိုင်းတွေမှာ ရေနွေး ဒါမှမဟုတ် ရေထဲကို သံပယိုရည်ညစ်ထည့်ပြီး သောက်ပေးခြင်းဖြစ်ပါတယ်။ သံပယိုရည်က ရေဓာတ်ပြည့်၀စေတဲ့အပြင် ကိုယ်တွင်းအဆိပ်အတောက်ပြယ်စေတာကြောင့် မျက်နှာဖောင်းခြင်းကိုသက်သာစေပြီး အသားအရေစိုပြေလာစေပါတယ်။

၂။ နေ့စဉ်ချွေးထွက်အောင်ပြုလုပ်ပါ

အမြဲသွယ်လျနေတဲ့သူတွေက နေ့စဉ်ချွေးထွက်စေဖို့ လှုပ်လှုပ်ရှားရှားနေလေ့ရှိကြပါတယ်။ ချွေးထွက်တဲ့အခါ ကိုယ်ခန္ဓာရဲ့ချွေးပေါက်တွေပွင့်ပြီး အသားအရေကိုပါကြည်လင်လာစေကြောင့် ဝိတ်ကျပြီး နုပျိုလန်းဆန်းချင်သူတိုင်း ပုံမှန်အားကစား၊ လေ့ကျင့်ခန်းတွေနဲ့အတူ ချွေးထွက်လာအောင် ပြုလုပ်ပေးသင့်ပါတယ်။

၃။ ခုန်ပေါက်ပေးရတဲ့ HIIT လေ့ကျင့်ခန်းတွေပြုလုပ်ပါ

ကျော်ကြားတဲ့သူတွေက များသောအားဖြင့် အလုပ်များလေ့ရှိတာကြောင့် အချိန်မပေးနိုင်တဲ့နေ့တွေမှာ (၁၅) မိနစ်လောက်နဲ့ထိရောက်တဲ့ HIIT လေ့ကျင့်ခန်းတွေကို မနက်နဲ့ညခွဲပြီး ပြုလုပ်လေ့ရှိကြပါတယ်။ သင်ကလည်း အချိန်အများကြီးမပေးနိုင်တဲ့သူဆိုရင် ဒီလိုခဏအတွင်း ချွေးထွက်ပြီး ကယ်လိုရီများစွာလောင်ကျွမ်းစေမယ့် HIIT လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့အကြံပြုချင်ပါတယ်။

၄။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနေထိုင်ပါ

နာမည်ကြီးကျော်ကြားသူတွေက သူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ယုံကြည်မှုအပြည့်နဲ့နေတတ်ကြတာကြောင့် အများကြားမှာ ထင်ပေါ်နေတတ်ကြတာပါ။ ဒါကြောင့် သင်ကိုယ်တိုင်ကလည်း ကိုယ့်မှာရှိတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သက်လာရင် အရှိအတိုင်းလက်ခံပြီး ယုံကြည်မှုရှိရှိနေဖို့လည်း မမေ့သင့်ပါဘူး။

၅။ အားဖြစ်စေတဲ့ ပရိုတင်းဓာတ်များများမှီဝဲပါ

ပရိုတင်းက အစာချေစနစ်ကိုပံ့ပိုးပေးနိုင်ပြီး ကြွက်သားဆုံးရှုံးမှုမရှိဘဲ ကိုယ်တွင်းအဆီကျစေဖို့အတွက်ပါ ထောက်ပံ့ပေးနိုင်ပါတယ်။ တစ်နေ့တာမှာ ပရိုတင်းဓာတ်လုံလောက်အောင်မစားတာက သင့်ကို ခဏခဏ ဗိုက်ဆာတဲ့စိတ်ဖြစ်လာစေပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ နို့ထွက်ပစ္စည်း၊ အသီးအရွက်၊ အသား၊ ငါးနဲ့ အစေ့အဆံတွေကို ပုံမှန်စားသုံးပေးပါ။

၆။ ကြွက်သားတည်ဆောက်မှုကောင်းအောင်ပြုလုပ်ပေးဖို့လိုပါတယ်

သင့်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကြွက်သားတွေ ကြံ့ခိုင်လာစေဖို့ ထိရောက်မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြုလုပ်ပေးဖို့လိုပါတယ်။ ကြွက်သားတည်ဆောက်ပုံကောင်းခြင်းက ကိုယ်တွင်းအဆီလျော့နည်းစေတာကြောင့် အလွယ်တကူဝိတ်မတက်ဘဲ ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar