လတ်တလော Stress နဲ့ ဖိအားတွေ ပြည့်နေသလိုခံစားရသူတွေအတွက် ပြေလျော့စေဖို့ အိမ်မှာပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ Yoga Pose လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Yoga လေ့ကျင့်ခန်းတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေတာမို့ ပုံမှန်လေးအချိန်ပေးပြီး အလေ့အကျင့်လုပ်ပေးတာက မမှားပါဘူး။ ဖော်ပြထားတဲ့ ယောဂပုံစံလေးတွေက တင်းနေတဲ့ အကြောတွေပြေလျော့စေမယ့်အပြင် စိတ်ကြည်လင်ပြီး ပေ့ါပါးသွားအောင် ကူညီပေးပါလိမ့်မယ်။

၁။ Standing Forward Bend

ခန္ဓာကိုယ်အောက်ပိုင်းတစ်လျှောက် အကြောလျှော့ပေးတဲ့ ယောဂလေးဖြစ်ပြီး ပုံပြထားသလို ရှေ့ကိုကုန်းကာ အောက်ငုံ့ချပေးရမှာပါ။ လက်တွေကို ကြမ်းပြင်နဲ့ထိအောင်ထောက်ပြီး ဒူးမကွေးစေဘဲ ခြေထောက်ဆန့်ထားပေးရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း အသက်ရှုသွင်းရှုထုတ် ၆ကြိမ် မှ ၈ကြိမ်ရောက်တဲ့အထိ ငုံ့ထားရပါမယ်။

၂။ Cat Cow Pose

ဒူးနှစ်ဖက်နဲ့ လက်တွေကို ထောက်ထားကာ ခေါင်းမော့ပြီး နောက်ကျောကိုပါကော့ပေးပါ။ ခေါင်းမော့လိုက်တဲ့အချိန် အသက်ရှုသွင်းပြီး ပြန်ငုံ့တဲ့အခါ ဖြေးဖြေးချင်း ရှုထုတ်ပေးရပါမယ်။ နောက်ကျောတစ်လျှောက် အကြောပြေပြီး ရှုပ်ထွေးနေတဲ့စိတ်ကို ကြည်လင်စေပါလိမ့်မယ်။

၃။ Equal Breathing

တရားထိုင်သလို ဝင်လေထွက်လေ အာရုံစိုက်ရင်း တင်ပျင်ခွေထိုင်ကာ ခါးမတ်ပြီး လက်တွေကို ဒူးထိပ်တွေပေါ် သက်တောင့်သက်သာ တင်ထားပေးပါ။ ဒီပုံစံအတိုင်း ၅ မိနစ်မှ ၁၀ မိနစ်ကြား ပုံမှန်ထိုင်ပေးတာမျိုးလုပ်နိုင်ပါတယ်။ ပင်ပန်းမှုတွေ ပြေလျော့ပြီး ပူပန်နေတဲ့စိတ်ကို ပြန်လည်စုစည်းနိုင်ဖို့ ထောက်ပံ့ပေးမှာပါ။

၄။ Bridge Pose


နောက်ကျောပြင်နာတာ သက်သာစေပြီး ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ပါ ကူညီပေးမယ့် ယောဂ ပုံစံဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း လှဲချကာ ဒူးထောက်ပြီး ခန္ဓာကိုယ်ကို မ ပေးထားပါ။ ၁၅ စက္ကန့်မှ ၃၀ စက္ကန့်ကြား နေပြီး ၄ ကြော့လောက်ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။

၅။ Child Pose

အခြေခံ ယောဂ Pose လေးဖြစ်တဲ့ Child Pose ကလည်း Stress လျော့စေတဲ့အပြင် စိတ်ဓာတ်ကျခြင်းကိုပါ သက်သာစေပါတယ်။ ဒူးကွေးထိုင်ကာ လက်တွေကိုရှေ့ထုတ်ပြီး ကြမ်းပြင်နဲ့ကပ်တဲ့အထိ ငုံ့ချပေးပါ။ သူ့ကိုလည်း စက္ကန့် ၃၀ မှ တစ်မိနစ်နီးပါးအထိ ပြုလုပ်ပေးဖို့လိုပါတယ်။

၆။ Standing Back Bend

Photo Source: the remote yogi

မတ်တပ်ရပ်ကာ လက်တွေကို မြှောက်ပြီး တတ်နိုင်သလောက် အနောက်ကိုဆွဲကော့ပေးပါ။ အသက်ရှုသွင်းရှုထုတ် ဖြေးဖြေးချင်းလုပ်ပြီး စက္ကန့်အနည်းငယ်အကြာမှာ လက်ပြန်ချနိုင်ပါတယ်။ လည်ပင်းနဲ့ ပုခုံးတွေပေါ်က တင်းနေတဲ့အကြောတွေ ပြေလျော့ပြီး အသက်ရှုရကောင်းစေမယ့် ယောဂမျိုးဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar