ဝိတ်ချတယ်ဆိုတာ ကိုယ့်ရဲ့အမူအကျင့်နဲ့ Lifestyle တွေကိုရေရှည်ပြုပြင်ပေးရတာမျိုးပါ။ အများစုက ဝိတ်ချဖို့စဉ်းစားလိုက်တာနဲ့ နေ့ဘက်မှာလုပ်ရမယ့် လေ့ကျင့်ခန်းနဲ့ စားသင့်တဲ့ အစားအသောက်ပုံစံတွေ အကြောင်းကိုပဲ တွေးမိတတ်ကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ကိုယ်လိုချင်တဲ့ဝိတ်ကို ထိန်းထားနိုင်ဖို့ဆိုရင် ညပိုင်းမှာပြုလုပ်နေကျ အလေ့အကျင့်တွေအပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဝိတ်ကျချင်သူပျိုမေတို့အတွက် ညဘက်မှာပုံမှန်ပြုလုပ်ပေးဖို့လိုတဲ့ အလေ့အကျင့်ကောင်းတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ညနေစာ စောစောစားပါ

ဝိတ်ကျဖို့အတွက် ညနေစာကို ပုံမှန် ၇နာရီထက်နောက်မကျဘဲ စားပေးဖို့လိုပါတယ်။ အိပ်ချိန်နဲ့ နီးကပ်ပြီးစားလေ သင့်ကိုယ်ခန္ဓာတွင်း အစာချေဖျက်နိုင်ဖို့ခက်ခဲလေပါပဲ။ အိပ်ရာမဝင်ခင်မှာ လိုအပ်တဲ့ အစာချေလုပ်ငန်းတွေပြီးမြောက်ခြင်းက သင့်ကိုအလွယ်တကူအိပ်ပျော်စေပြီး ဝမ်းချုပ်ခြင်းပြဿနာ မရှိအောင်လည်းတားဆီးပေးပါတယ်။

၂။ ညဘက်ရောက်တာနဲ့ ဖုန်းနဲ့ကွန်ပျုတာ Screen ကြည့်တာကိုလျှော့ချလိုက်ပါ

ညဘက်မှာ လျှပ်စစ်ပစ္စည်း Screen ကြည့်ချိန်လျှော့ချခြင်းကိုလည်း အကျင့်ဖြစ်အောင်ပြုလုပ်ပေးဖို့လိုပါတယ်။ အိပ်ခါနီးမှာ Screen အကြည့်များတာက သင့်ရဲ့ဦးနှောက်ကိုနေ့အချိန်နဲ့ ထင်ယောင်ထင်မှားဖြစ်သွားစေ တာကြောင့် အိပ်ချင်စိတ်နည်းပါးစေပါတယ်။

၃။ အိပ်ချိန်ကောင်းကောင်းလိုအပ်ပါတယ်

ညတိုင်းအိပ်ချိန်မှန်မှန်ရှိဖို့အရေးကြီးပါတယ်။ ညဘက်လုံလောက်အောင်မအိပ်စက်တာက သင့်ခန္ဓာကိုယ်ကို အမြဲပင်ပန်းနွမ်းနယ်နေစေပြီး ကယ်လိုရီနဲ့အဆီပိုတွေလောင်ကျွမ်းမှုကိုပါနှောင့်နှေးစေတာကြောင့် သင့်ကိုပိုဝိတ်တက်စေပါလိမ့်မယ်။

၄။ မအိပ်ခင် ယောဂကျင့်ပေးပါ

တစ်နေ့တာရဲ့ Stress တွေကိုလျော့ကျစေပြီး စိတ်ရောကိုယ်ပါအပန်းဖြေစေဖို့အတွက် ညနေပိုင်းမှာ သင့်တော်တဲ့ ယောဂကျင့်စဉ်အနည်းငယ်ကိုလည်းပြုလုပ်ပေးဖို့လိုပါတယ်။ ယောဂနဲ့အတူ အသက်ရှုလေ့ကျင့်ခန်းပါတွဲလုပ်ပေးခြင်းကလည်း သင့်အာရုံကြောစနစ်ကိုပိုမိုကောင်းမွန်စေပြီး လွယ်လွယ်အိပ်ပျော်စေပါလိမ့်မယ်။ ယောဂလုပ်လေ့မရှိတဲ့သူတွေအနေနဲ့ အကြောပုံမှန်လျှော့ပေးပါ။ ဒါက သင့်ရဲ့သွေးလည်ပတ်မှုနဲ့ အစာချေဖျက်စနစ်အလုပ်လုပ်မှုကို ပိုကောင်းမွန်စေနိုင်ပါတယ်။

၅။ နွားနို့ (သို့) ဒိန်ချဉ်သောက်သုံးပါ

များသောအားဖြင့် ဝိတ်ချတဲ့သူတွေက ညနေပိုင်းမှာဗိုက်ဆာတတ်ကြပါတယ်။ မအိပ်ခင် နွားနို့တစ်ခွက် ဒါမှမဟုတ် သဘာဝဒိန်ချဉ်အနည်းငယ်သောက်သုံးတာက ညဘက်ဗိုက်ဆာတဲ့ ပြဿနာမရှိအောင်ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင်နို့ထွက်ပစ္စည်းတွေစားသုံးပြီးနောက်မှာ ကြွက်သားတည်ဆောက်မှုကောင်းစေတာကြောင့် ကယ်လီရီလောင်ကျွမ်းစေဖို့နဲ့ အစာချေဖျက်နှုန်းတက်စေဖို့ထောက်ပံ့ပေးရာရောက်ပါတယ်။

၆။ အိပ်ခန်းအလင်းရောင်နဲ့ အပူချိန်ကိုညှိပေးပါ

အိပ်ချိန်မှာအလင်းများတဲ့မီးတွေထွန်းထားခြင်းက အိပ်စက်ခြင်းကိုအားပေးတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှုကိုအနှောက်အယှက်ဖြစ်စေတာကြောင့် အခန်းမီးပိတ်ထားတာ ဒါမှမဟုတ် ခပ်မှိန်မှိန်ထားပေးဖို့အကြံပြုချင်ပါတယ်။ ဒါ့အပြင် အခန်းအပူချိန်ကိုလည်း လျှော့ချပြီး အိပ်စက်ဖို့လိုပါတယ်။ ပတ်ဝန်းကျင်အေးနေတဲ့အချိန်မှာ ကိုယ်တွင်းအပူချိန်ထိန်းနိုင်ဖို့ သင့်ခန္ဓာကိုယ်က စွမ်းအင်ပိုသုံးရလေ့ရှိပါတယ်။ ဒီလိုစွမ်းအင်အသုံးပြုရခြင်းက အစာချေဖျက်မှုကိုမြင့်တက်စေကြောင့် ရေရှည်ဝိတ်ထိန်းထားနိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar