သင်လုပ်နေကျအရာတွေက သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလှအပနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုများစွာရှိတာမို့ မှန်ကန်တဲ့အမူအကျင့်တွေရှိဖို့က အရေးအကြီးဆုံးပါပဲ။ တစ်ခါတစ်လေ သင့်မှာလည်း သတိမထားမိဘဲ ကိုယ့်ဆံသားကို ပျက်စီးလွယ်အောင် ကိုယ်တိုင်လုပ်မိသလိုဖြစ်တတ်တဲ့ အမူအကျင့်အလွဲတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါတွေကိုရှောင်နိုင်ဖို့အတွက် ဒီတစ်ခေါက်မှာ ပျိုမေတို့သိထားသင့်တဲ့ ဆံသားပျက်စီးလွယ်စေမယ့် အမူအကျင့်အမှားအချို့ကိုမျှဝေပေးလိုက်ပါတယ်။

၁။ အပူချောင်းနဲ့ ပုံမှန်စက်ဆွဲခြင်း


ဆံပင်ခဏခဏပုံသွင်းတာ အထူူးသဖြင့် အပူခံ Spray (သို့) Serum ခံမလိမ်းဘဲ အပူနဲ့တိုက်ရိုက်ထိတွေ့တာက ဆံသားပျက်စီးလွယ်စေတဲ့အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အပူများတဲ့ ပုံသွင်းပစ္စည်းတွေခဏခဏ သုံးတာ၊ အကာအကွယ်မပါဘဲ နေပူထဲထွက်တာတွေကိုရှောင်ဖို့လိုပြီး ခေါင်းလျှော်ပြီးနောက် Dryer မှုတ်ရတဲ့အခါမျိုးမှာလည်း အပူလျော့ပြီး ၁၀ မိနစ်ထပ်ပိုမသုံးမိဖို့လိုပါတယ်။

၂။ ဆံသားအစိုဓာတ်မဖြည့်ခြင်း


ဆံသားအစိုဓာတ်မဖြည့်ပေးတာကလည်း သင့်ဆံသားပျက်စီးလွယ်စေတဲ့အပြုအမူတစ်ခုပါပဲ။ တစ်ချို့က ခေါင်းလျှော်ပြီး ဆံပင်ပေါင်းဆေး၊ပျော့ဆေးသုံးတာဟာ ဆံပင်ပိုကျွတ်စေတယ်လို့ယူဆပြီး မသုံးဘဲထားတတ်ကြပါတယ်။ တကယ်တော့ အစိုဓာတ်ရပြီး ဆံသာကြမ်းတမ်းခြင်းသက်သာဖို့ ဆံသားပေါင်းတင်ဆေး ပုံမှန်သုံးတတ်တဲ့အကျင့်ကို ပြုလုပ်ထားသင့်ပါတယ်။

၃။ ခေါင်းလျှော်ပြီး ခြောက်တဲ့အထိ ပုဝါနဲ့ခပ်ကြမ်းကြမ်းသုတ်ခြင်း


ခေါင်းလျှော်ပြီးချိန် Dryer အပူမသုံးဘဲ ပုဝါနဲ့သုတ်တတ်တဲ့သူတွေအနေနဲ့လည်း ခေါင်းသုတ်တဲ့အခါ ဆံပင်လုံးဝခြောက်တဲ့အထိ ပုဝါကြမ်းနဲ့ ခပ်မြန်မြန်သုတ်တတ်တဲ့အကျင့်မျိုးရှိရင် ပြုပြင်ပေးပါ။ ဒီလိုလုပ်တာများလာတဲ့အခါ ဆံံသားထဲက သဘာဝအဆီနဲ့ အစိုဓာတ်တွေလျော့ပါးသွားနိုင်ပါတယ်။ ဒါကြောင့် ဆံသားမပျက်စီးဖို့ အမွှေးနုပုဝါသုံးပြီး ဦးရေပြားခြောက်ရုံအထိသာ သုတ်ပေးပါ။

၄။ ခေါင်းခဏခဏလျှော်ခြင်း


ခေါင်းခဏခဏလျှော်တာကလည်း အလားတူ ဆံသားတွင်း သဘာဝအဆီဆုံးရှုံးမှုဖြစ်စေပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုမလျှော်သင့်သလို ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ သဘာဝခေါင်းလျှော်ရည်တွေကိုသာ အသုံးပြုပေးသင့်ပါတယ်။

၅။ လုံလောက်တဲ့ဂရုစိုက်မှုမရှိခြင်း


ဆံသားကိုဂရုမစိုက်ဘဲ အရောင်ချွတ်ဆေးတွေနဲ့ ခဏခဏထိတွေ့တာ၊ နှစ်ခွဖြစ်စေတဲ့ ဆံသားအဖျားတွေကို မတိပေးဘဲထားတာနဲ့ အိပ်တဲ့အခါ သန့်သန့်ရှင်းရှင်းမရှိတဲ့ခေါင်းအုံးစွတ်တွေသုံးတာမျိုးကိုလည်း ပြုပြင်ပေးဖို့ လိုပါတယ်။ ဒီလိုသေချာဂရုမစိုက်တဲ့အကျင့်တွေရှိတာက သင့်ဆံသားပျက်စီးလွယ်ဖို့ ထောက်ပံ့ပေးသလိုဖြစ်စေမှာပါ။

၆။ Stress များတဲ့ နေထိုင်မှုပုံစံမျိုးရှိခြင်း


မှားယွင်းတဲ့ Lifestyle ကလည်း သင့်ဆံသားအလှအပကိုထိခိုက်စေနိုင်ပါတယ်။ အစားအသောက်မမျှတတာ၊ အိပ်ချိန်မမှန်တာနဲ့ စိတ်ဖိစီးမှုများတာတွေက သင့်ဆံသားနဲ့အသားအရေကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ရေများများသောက်ပြီး ကျန်းမာမျှတတဲ့ Lifestyle မျိုးရှိအောင်ပြုပြင်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar