ညပိုင်းတွေမှာ လွယ်လွယ်နဲ့မအိပ်နိုင်တာ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာကြောင့် မနက်တိုင်းအိပ်ရေးမဝသလို နွမ်းနယ်နေတတ်တဲ့ပြဿနာတွေနဲ့ ကြုံရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ သင့်ရဲ့ ညအိပ်ရာမဝင်ခင် ပြုလုပ်လေ့ရှိတဲ့အရာတွေကိုပြုပြင်ပြီး အမူအကျင့်အသစ်တွေရှိထားဖိုလိုလာပါပြီ။ ညပိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ အမူအကျင့်တွေပုံမှန်ပြုလုပ်ပေးတာက သင့်ခန္ဓာကိုယ်ကို အကျင့်ဖြစ်စေပြီး ညတိုင်းအိပ်ချိန်မှန်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အိပ်ပျော်စေဖို့ ပြုလုပ်ပေးရမယ့် အမူအကျင့်တွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
၁။ ဆေးဖက်ဝင်တဲ့သဘာဝလက်ဖက်ရည်တစ်မျိုး သောက်သုံးပါ


ညဘက်မှာ ဆေးဖက်ဝင်အရွက်နဲ့အသီးတွေကိုပေါင်းခံထားတဲ့ သဘာဝလက်ဖက်ရည်တစ်မျိုးကို သောက်သုံးတာက သင့်ကိုအိပ်ပျော်စေဖို့ထောက်ပံ့ပေးတဲ့အပြင် အစာချေစနစ်ကောင်းမွန်ပြီး ကိုယ်ခံအားလည်းတက်စေပါတယ်။ ကဖင်းဓာတ်မပါဝင်တဲ့ လက်ဖက်ရည်မျိုးဖြစ်ဖို့လည်းအရေးကြီးပါတယ်။ အိပ်ခါနီးမှာ ကဖင်းပါတဲ့လက်ဖက်ရည်သောက်မိတာက သင့်ကိုပိုပြီးအိပ်မပျော်ဖြစ်စေပါလိမ့်မယ်။

၂။ Yoga နဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ


ညပိုင်းအိပ်ပျော်ဖို့ထောက်ပံ့ပေးပြီး လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ Yoga ပုံစံတွေနဲ့ အကြောလျှော့နည်းလေးတွေ ပြုလုပ်တာကလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် ထိရောက်စေတဲ့ အကျင့်ကောင်းတွေပဲဖြစ်ပါတယ်။ ဥပမာ အိပ်ပျော်စေတဲ့ Yoga လေ့ကျင့်ခန်းအနေနဲ့ Child’s Pose ၊ Downward Facing Dog Pose နဲ့ Dog Face Top Pose စတဲ့ လွယ်ကူတဲ့လေ့ကျင့်ခန်းပုံစံတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ရေနွေးနွေးနဲ့ရေချိုးကြည့်ပါ


နောက်ထပ် ပင်ပန်းမှုတွေပျောက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အားပေးတဲ့အရာကတော့ အိပ်ရာမဝင်ခင် မှာ ရေခပ်နွေးနွေးနဲ့ရေချိုးပေးခြင်းပါပဲ။ ရေနွေးနွေးနဲ့ ရေစိမ်ပြီးချိုးပေးတာက ကြွက်သားတင်းရင်းမှုကို ဖြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့လည်းကူညီပေးပြီး အလွယ်တကူအိပ်ပျော်စေပါတယ်။

၄။ အဆာပြေပေါ့ပေါ့ပါးပါးမုန့်တစ်ခုစားနိုင်တယ်


အများစုက ဝိတ်မတက်ဖို့ ညဘက်စားတာကိုရှောင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ညဘက်ဗိုက်ဆာနေတဲ့ အခါမှာလည်း အိပ်မရဖြစ်တတ်တာကြောင့် ညပိုင်းမှာ အသီးတစ်မျိုး ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးမုန့်တစ်ခုကို စားပေးနိုင်ပါတယ်။ ဥပမာ ပေါက်ပေါက်ဆုပ်၊ ဌက်ပျောသီး၊ ပန်းသီး၊ နာနတ်သီးနဲ့ Oatmeal စတာတွေကိုစားသုံးနိုင်ပြီး သင့်ကို Sleep ဟော်မုန်းတက်စေဖို့အတွက်ပါ ကူညီပေးပါလိမ့်မယ်။

၅။ ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်တဲ့ အားဆေးတွေသောက်သုံးပေးပါ


ကယ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါတဲ့ အားဆေးတွေက ကျန်းမာရေးကောင်းစေတဲ့အပြင် ညဘက်မှာ သောက်သုံးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။ ကယ်ဆီယမ်က အိပ်စက်ခြင်းကိုဖြစ်စေတဲ့ Melatonin ဟော်မုန်းတက်စေပြီး ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်ပမာဏ ညီမျှနေတာကလည်း အိပ်မရခြင်းတွေကိုသက်သာစေနိုင်ပါတယ်။

၆။ စာအုပ်ဖတ်ပါ


အိပ်ရာမဝင်ခင်မှာ ဖုန်းနဲ့ Laptop မျက်နှာပြင်တွေကြည့်တာထက် စာအုပ်ဖတ်တာက သင့်မျက်လုံးကိုအနားပေးရာရောက်ပြီး အလွယ်တကူအိပ်ပျော်စေပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေး၀၀အိပ်နိုင်ဖို့ အိပ်ရာမဝင်ခင် တစ်နာရီအလိုလောက်ကတည်းက လျှပ်စစ်ပစ္စည်းတွေနဲ့ ခပ်ဝေးဝေးမှာနေပြီး စာရေးတာ၊ ပုံဆွဲတာနဲ့ စာအုပ်ဖတ်တာတွေကိုပြုလုပ်ကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar