အားလုံးပဲ မင်္ဂလာပါနော်။ အရပ်ပုတာမကြိုက်လို့ အရပ်ထွက်ချင်တဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ အရပ်ရှည်လာအောင်ထောက်ပံ့ပေးမယ့် ယောဂ Pose တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သဘာဝအတိုင်း အရပ်ရှည်ဖို့ အစားအသောက်၊ အားကစား၊ ကိုယ်လက်လှုပ်ရှားမှုစတာတွေနဲ့ ပြုပြင်နိုင်သလို ယောဂကျင့်စဉ်တွေ လုပ်တာကလည်း ထိရောက်တဲ့နည်းတစ်မျိုးပါပဲ။ များသောအားဖြင့် ယောဂ ကျင့်တာက ခန္ဓာကိုယ်ကြီးထွားခြင်းဟော်မုန်း ထုတ်လုပ်မှုတက်စေပြီး ကိုယ်နေဟန်ထားလည်း မှန်စေတာကြောင့် သင့်ကိုပုံမှန်ထက် အရပ်ထွက်လာအောင် ကူညီပေးနိုင်မှာပါ။ ဒီတော့ ပြုလုပ်သင့်တဲ့ ယောဂ Pose တွကိုကြည့်လိုက်ရအောင်။

၁။ Mountain Pose

Photo Source: yogapractice.com

ပထမဆုံး ယောဂပုံစံကတော့ ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းထားပြီး တစ်တန်းတည်းဖြစ်အောင် မတ်မတ်ရပ်နေပေးရမှာဖြစ်ပါတယ်။ ခြေထောက်စိထားပြီး လက်နှစ်ဖက်ကို ပေါင်မှာကပ်ကာ ပုခုံးကြောတွေ လျှော့ထားပေးပါ။ ဒီပုံစံအတိုင်း ရှုသွင်းရှုထုတ် ၅ ကြိမ်မှ ၈ ကြိမ် နေပေးရပါမယ်။ လက်ပြင်ကုန်းနေသလို မဖြစ်တော့ဘဲ ကိုယ်နေဟန်ထားမှန်ကန်ပြီး အရပ်ထွက်စေဖို့ ကူညီပေးပါလိမ့်မယ်။

၂။ Tree Pose

Photo Source: Stylecraze

ပုံထဲကလို ခြေထောက်တစ်ဖက်ထောက်ပြီး ခြေထောက်တစ်ဖက်ကွေးကာ ထောက်ထားတဲ့တစ်ဖက်ခြေထောက်ကိုကပ်ထားပေးပါ။ ဒီပုံစံအတိုင်း ဟန်ချက်ညီအောင်ထိန်းရပ်ပြီး လက်နှစ်ဖက်စုကပ်ကာ အပေါ်မြှောက်ပေးရမှာဖြစ်ပါတယ်။ တစ်မိနစ်လောက်ထိန်းထားပြီးနောက် ခြေထောက်ပြောင်းကာ တစ်လှည့်စီပြုလုပ်ပေးပါ။

၃။ Half Wheel Pose

Photo Source: Freepik

လက်မြှောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို တတ်နိုင်သလောက် နောက်လှန်ချကာ ခြေထောက်တွေမယိုင်စေဘဲ ဟန်ချက်ထိန်းထားပြီး ၁၅ စက္ကန့်မှ ၃၀ စက္ကန့်လောက်အထိ နေပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ပျော့ပြောင်းပြီး အကြောပြေလျှော့ကာ အရပ်ထွက်လာစေဖို့ ကူညီပေးနိုင်မှာပါ။

၄။ Hand To Feet Pose

Photo Source: healthxtips.com

ပုံပါအတိုင်း ခြေထောက်ကို မတ်မတ်ထားကာ လက်တွေကြမ်းပြင်နဲ့ထိတဲ့အထိ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကွေးပေးရမှာဖြစ်ပါတယ်။ လက်ကိုကြမ်းပြင်နဲ့ထိအောင် မလုပ်နိုင်သေးတဲ့သူတွေအနေနဲ့ကတော့ အစပိုင်းမှာ တတ်နိုင်သလောက်ကွေးပြီး အကြောပျော့လာအောင် ဖြေးဖြေးချင်းလေ့ကျင့်ပေးပါ။

၅။ Bow Pose

Photo Source: Pinterest

ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းပြီး အကြောပျော့ပြောင်းကာ အရပ်ရှည်လာဖို့ပါ ကူညီပေးမယ့် ယောဂကျင့်စဉ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှောက်ကာ ဗိုက်နဲ့ကြမ်းပြင်ထိထားပြီး ခြေထောက်ကိုနောက်ပြန်ကွေးလိုက်ပါ။ ပြီးရင်တော့ ပုံပါအတိုင်း လက်နှစ်ဖက်နဲ့ ခြေထောက်တွေကို ဆွဲပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ခန့်နေပြီးနောက် ပုံမှန်အတိုင်းပြန်လည်ဖြေလျော့နိုင်ပါတယ်။