မင်္ဂလာပါ ပျိုမေတို့ရေ။ တင်ပါးပြားတဲ့အခါ အဝတ်အစားဝတ်ရတာ ကောက်ကြောင်းမပေါ်သလို ခံစားရတတ်ပါတယ်နော်။ ဒီ့အတွက် တင်ပါးက ကြွက်သားတွေတင်းရင်းပြီး တင်ပါးထွက်လာဖို့ ထိရောက်တဲ့ ယောဂလေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးချင်ပါတယ်။ အိမ်မှာပဲ ပေါ့ပေါ့ပါးပါးလုပ်လို့ရတာဖြစ်လို့ အချိန်ကြာကြာပေးပြီး လေ့ကျင့်ခန်းမလုပ်ချင်သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ပုံမှန်လေးအကျင့်လုပ်သွားပေးမယ်ဆိုရင် တင်ပါးဘေးနဲ့ ပေါင်တံတစ်လျှောက်က အဆီတွေကျစေမှာဖြစ်လို့ လုပ်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

Locust Pose

ဒီ Yoga Pose အတွက် အနေအထားမှန်ဖို့ အရေးကြီးပါတယ်နော်။ ပုံမှာပြထားသလို ခန္ဓာကိုယ်မှောက်ကာ ခြေထောက်နှစ်ဖက်နဲ့ လက်နှစ်ဖက်လုံးကို နောက်ပြန်ပြစ်ပြီး ဆန့်ထုတ်ထားပါ။ ခြေထောက်ကို အပေါ်ကော့ကာ တင်ပါးက ကြွက်သားတွေကို တင်းပြီး ပြုလုပ်ပေးရမှာပါ။ စက္ကန့် ၃၀ မှ ၆၀ ကြား ထိန်းထားပြီး ခြေထောက်ပြန်ချနိုင်ပါတယ်။ ဗိုက်ကိုဖိပြီးလုပ်ရတဲ့ Pose ဖြစ်လို့ အစာမရှိတဲ့အချိန်လုပ်ပေးတာ ပိုကောင်းပါတယ်။

Upward Plank Pose

အကြောလျှော့သလို ခန္ဓာကိုယ်ဖြည်းဖြည်းချင်းဆန့်ထုတ်ပေးရတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အနောက်လှန်ပြီး လက်နှစ်ဖက်ကိုနောက်ပြန် ထောက်ပြီး မ တင်ထားပေးပါ။ တင်ပါးနဲ့ ပေါင်ရင်းက ကြွက်သားတွေကို တင်းထားရပါမယ်။ သူ့ကိုလည်း စက္ကန့် ၃၀ မှ ၆၀ ကြားထားပြီး လက်ပြန်ချနိုင်ပါတယ်။

Triangle Pose

လုပ်ရလွယ်တဲ့ အခြေခံ Pose တစ်ခုဖြစ်ပြီး သူ့ကိုတော့ ပုံထဲကလို ခြေထောက်ကားကာ တစ်ဖက်ကို ညွှန့်ပေးပြီး လက်တွေကိုတော့ မျဉ်းပြိုင်ပုံစံ တစ်ဖက်က ကြမ်းပြင်မှာထောက်လျက် တစ်ဖက်ကိုတော့ အပေါ်မြှောက်ပေးထားရမှာပါ။ ဟန်ချက်ညီအောင် ထိန်းထားဖို့လိုပြီး စက္ကန့် ၃၀ လောက်ရအောင် လုပ်ပေးသင့်ပါတယ်။ တစ်ဖက်ပြီးတဲ့အခါ နောက်တစ်ဖက်ကိုပါ အလားတူ လုပ်ပေးပါ။

Squat Pose

Squat ထိုင်ပေးတာကလည်း တင်ပါးထွက်ဖို့ အရမ်းထိရောက်တာမို့ Squat Pose အတွက် တင်ပါးအနည်းငယ်ကော့ကာ ဒူးကို ၉၀ ဒီဂရီကွေးပြီး ဟန်ချက်ထိန်းကာ ထိုင်ပေးပါ။ စက္ကန့် အနည်းငယ်လောက်နေပြီး ပြန်ထကာ ဒီပုံအတိုင်း ၁၅ ကြိမ် ၂ ကြော့အထိ လုပ်ပေးနိုင်ပါတယ်။

Bridge Pose

တင်ပါးကို သိသိသာသာကျစ်လျစ်စေတဲ့ Pose ဖြစ်ပါတယ်။ ကြမ်းပြင်မှာလှဲကာ ဒူးထောင်ပြီး လက်နှစ်ဖက်က ခြေဖနောင့်ကို လှမ်းကိုင်ကာ ခန္ဓာကိုယ်အပေါ်မြှောက်ပြီး ကော့ပေးပါ။ ၃၀ စက္ကန့်လောက်နေပြီး အောက်ပြန်ချနိုင်ပါတယ်။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် တစ်လလောက်အတွင်း သိသာတဲ့ရလဒ်ကို တွေ့ရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar