မင်္ဂလာပါနော်။ တစ်နေကုန် အလုပ်မအားတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ သီးသန့်အချိန်ပေးရခက်တဲ့ ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ ဝိတ်ကျဖို့အတွက် ညဘက်အိပ်ခါနီး အိပ်ရာပေါ်မှာပဲ ပေါ့ပေါ့ပါးပါးပြုလုပ်နိုင်တဲ့ ယောဂ Pose တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီလို ညဘက်ယောဂလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးတာက ဟော်မုန်းပမာဏနဲ့ အစာခြေစနစ်လည်ပတ်မှုဟန်ချက်ညီစေတာကြောင့် သင့်ကို ထိထိရောက်ရောက် ဝိတ်ထိန်းနိုင်ဖို့ ထောက်ပံ့ပေးမယ့်အပြင် တစ်နေ့လုံး တင်းနေတဲ့အကြောတွေ ပြေလျော့ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက်ပါ ကူညီပေးပါလိမ့်မယ်။

Cat Cow Pose


လည်ပင်းနဲ့ နောက်ကျောရိုးတစ်လျှောက် ကြွက်သားတွေပြေလျော့စေပြီး တစ်ကိုယ်လုံးပေါ့ပါးသွားစေမယ့် ယောဂကျင့်စဉ်လေးဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ အရင်ဆုံး လက်နဲ့ ဒူးနှစ်ဖက်ကို အိပ်ရာခင်းပေါ်မှာ တပြေးညီ ထောက်ထားလိုက်ပါ။ ပြီးနောက် ပုခုံးတွေကို ဆန့်ထုတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်း မော့ကာ အသက်ရှုသွင်းပေးရပါမယ်။ ရှုထုတ်တဲ့အခါ ပုံပါအတိုင်း နောက်ကျောအနည်းငယ်ကုန်းပြီး ခေါင်းပြန်ငုံ့ချပေးလိုက်ပါ။ ဒီပုံစံအတိုင်း ရှုသွင်းရှုထုတ် ၁၀ ကြိမ်ခန့်ပြုလုပ်ပေးရပါမယ်။

Butterfly Pose


ရိုးရိုးရှင်းရှင်းနဲ့ လုပ်ရလွယ်တဲ့ ဒီယောဂ Pose ကလည်း မအိပ်ခင်လုပ်ဖို့သင့်တော်ပြီး ကိုယ်တွင်းကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေနဲ့ ရာသီလာခြင်းကြောင့် ဖြစ်တတ်တဲ့ ဗိုက်အောင့်တာ၊ နောက်ကျောနာတွေကိုပါ သက်သာစေပြီး စိတ်ငြိမ်ကာ ပေါ့ပါးသွှားစေတာကြောင့် ပထမဆုံး ခါးမတ်ကာ ဒူးနှစ်ဖက်ကိုဘေးဘက်ကွေးပြီး ခြေဖဝါးအချင်းချင်းထိထားပေးပါ။ လက်နဲ့ ခြေချောင်းထိပ်တွေ ကိုင်ကာထိန်းပေးထားပြီး ကွေးနေတဲ့ခြေထောက်တွေကို တောင်ပံခတ်သလို ပြုလုပ်ပေးရပါမယ်။ ဒီ Pose အတိုင်း ကိုယ်ထိန်းနိုင်သလောက် တစ်မိနစ်ခန့်ပြုလုပ်ပေးပါ။

Spinal Twist Pose


ခါးနဲ့တင်ပဆုံရိုးသွေးလည်ပတ်မှုကောင်းပြီး အစာခြေစနစ်ဟန်ချက်ညီစေမယ့် ယောဂပုံစံလေးဖြစ်ပါတယ်။ ပုံပါအတိုင်း ဘယ်ခြေထောက်ကို ညာဘက်တင်ပါးအောက်မှာချပြီး ညာဘက်ဒူးထောင်ပေးထားပါ။ ခန္ဓာကိုယ်ကို တစ်ဖက်လိမ်ကာ ခပ်တင်းတင်းလှည့်ထားပေးရပါမယ်။ ဒီပုံအတိုင်း စက္ကန့် ၃၀ ကနေ ၆၀ အထိပြုလုပ်ပေးနိုင်ပါတယ်။

Bridge Pose


ဒီလွယ်ကူတဲ့ ယောဂလေ့ကျင့်ခန်းကလည်း ဝမ်းဗိုက်ကျစ်လျစ်စေပြီး ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေ တင်းရင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။ ပုံပါအတိုင်း လှဲချပြီး ဒူးထောင်ကာ လက်တွေကို ကြမ်းပြင်ပေါ်ကပ်ထားပါ။ ပြီးနောက် တင်ပါးကို အပေါ် မ ပြီး အသက်ရှုသွင်းကာ အောက်ပြန်ချတဲ့အခါ အသက်ဖြေးဖြေးချင်းရှုထုတ်ပေးရပါမယ်။ ဒီပုံအတိုင်း အတင်အချ ၁၀ ကြိမ်ခန့်ပြုလုပ်ပေးပြီး ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ တစ်မိနစ်လောက် မ ထားနိုင်ရင်ပိုကောင်းပါတယ်။

Child’s Pose


နောက်ထပ်သွေးလည်ပတ်မှုကောင်းကာ နောက်ကျောတင်းရင်းမှုတွေပြေလျော့စေမယ့် လွယ်ကူတဲ့ ယောဂ Pose လေးဖြစ်ပါတယ်။ လုပ်ရမှာကတော့ အိပ်ရာ ဒါမှမဟုတ် ယောဂဖျာပေါ်မှာ ပုံပါအတိုင်း ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ လက်နှစ်ဖက်ကို အရှေ့ဆန့်ထုတ်ပြီး အောက်မျက်နှာပြင်နဲ့ သင့်ခေါင်းနဲ့ ထိထားပေးရမှာဖြစ်ပါတယ်း ဒီပုံစံအတိုင်း စက္ကန့် ၃၀ မှ တစ်မိနစ်အထိ ပြုလုပ်ပေးပါ။

Source: healthshots.com