ပုံမှန်အစားလျှော့စားဖို့ တွေးထားပေမယ့် တစ်ခါတစ်လေ ကိုယ့်စိတ်ကိုယ်အလိုလိုက်ပြီး အစားတွေစုံအောင် စားလိုက်မိတာမျိုး တော်တော်များများကြုံဖူးကြမှာပါနော်။ ဒီလိုနေ့တွေမှာ စားပြီးတာနဲ့ ဗိုက်ပူပြီး ခန္ဓာကိုယ်တွေ လေးလံလာတတ်တဲ့သူတွေအတွက် လုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ်စားထားတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမယ့်အပြင် ဖြေးဖြေးချင်းလုပ်လို့ရတဲ့ ယောဂ Pose တွေဖြစ်တာမို့ ဗိုက်ပြည့်နေတဲ့အချိန် ခုန်ပေါက်ရတဲ့လေ့ကျင့်ခန်းမျိုး မလုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

၁။ Chair Pose


အသက်ကိုဝအောင်ရှုသွင်းကာ လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ပေးပါ။ ခြေထောက်နှစ်ဖက်စုထားပြီး ဒူးကွေးကာ Squat ပုံစံထိုင်လိုက် ပြန်ထလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။ ဒူးကွေးလိုက်တိုင်း ပုံထဲကလို လက်နှစ်ဖက်ဆန့်ပြီး အပေါ်မြှောက်ပေးပါ။ ဒီပုံအတိုင်း ခန္ဓာကိုယ်ထိန်းထားပြီး လုပ်နိုင်သလောက် အကြိမ်ရေများများလုပ်ပေးပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေသန်မာပြီး ခန္ဓာကိုယ်ကျစ်စေမယ့် ယောဂတစ်မျိုးဖြစ်ပါတယ်။

၂။ Bow Pose


Bow Pose က ခါးဘေးတစ်ဝိုက်အသားကျစ်စေတာမို့ ဗိုက်မပူအောင် ထိန်းပေးနိုင်ပါတယ်။ ပုံထဲကလို ခန္ဓာကိုယ်မှောက်ကာ ဒူးကွေးပြီး ခြေထောက်နှစ်ဖက်ကို လက်နဲ့နောက်ပြန်ဆွဲပေးရမှာဖြစ်ပါတယ်။ ခပ်တင်းတင်းဆွဲထားပြီး တတ်နိုင်သလောက် ၁၅ စက္ကန့်မှ ၂၀ အထိထိန်းထားပေးပါ။ ဗိုက်ကိုဖိပြီး လုပ်ရတာမို့ အစားစားချိန်နဲ့အနည်းငယ်ခြားပြီးလုပ်ပေးဖို့ မမေ့ပါနဲ့။

၃။ Bridge Pose


နောက်ထပ် ဗိုက်ကြွက်သားတင်းရင်းစေတဲ့ ယောဂတစ်မျိုးက Bridge Pose ပါပဲ။ လုပ်ရလွယ်တဲ့ ဒီ Pose ကိုတော့ အပေါ်ပုံထဲကလို လှဲအိပ်ပြီး ဒူးထောက်ကာ ခန္ဓာကိုယ်အောက်ပိုင်းကိုအပေါ်မြှောက်ပြီးလုပ်ပေးရမှာပါ။ လက်တွေကို ကြမ်းပြင်မှာကပ်ထားပြီး တင်ပါးကို မ လိုက် ဖြေးဖြေးချင်းပြန်ချလိုက် ၁၀ ကြိမ်အနည်းဆုံးပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၄။ Cobra Pose


Cobra Pose ကိုတော့ ယောဂကျင့်လေ့ရှိတဲ့သူတော်တော်များများသိပြီးသားဖြစ်မှာပါ။ လုပ်ရအလွယ်ဆုံး Yoga တစ်မျိုးဖြစ်ပြီး ဝမ်းဗိုက်ချပ်ရပ်ကာ အစာခြေစနစ်ကိုမြင့်တင်ပေးပါတယ်။ ပုံထဲကလို လက်ထောက်ပြီး ခြေထောက်တွေဆန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အပေါ်မော့ထားရမှာပါ။ ဒီအနေအထားအတိုင်း စက္ကန့် ၃၀ လောက် နေပေးရုံပါပဲ။

၅။ Boat Pose


ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်စုမြှောက်ပြီး လက်နှစ်ဖက်ကိုပါ ဆန့်ထုတ်ထားရတဲ့ Boat Pose လ့ကျင့်ခန်းကလည်း ဗိုက်ကြွက်သားတွေကို အားပြုပြီး တင်းထားရတာမို့ ပုံမှန်လေးလုပ်ပေးရင် ဗိုက်ချပ်စေမှာပါ။ ခြေထောက်ကို ခပ်မြင့်မြင့်လေးမြှောက်ပြီး စက္ကန့် ၃၀ အနည်းဆုံးထိန်းကာ ပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar