ညဘက်အိပ်မပျော်တာက တစ်ခါတစ်လေကျရင် ကိုယ်တိုင်လုပ်နေမိတဲ့ အရာတွေကြောင့်ပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆင်ခြင်နိုင်ဖို့အတွက် ညဘက်အိပ်မပျော်အောင် သင်ကိုယ်တိုင်လုပ်မိနေတတ်တဲ့ အကျင့်ဆိုး ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ညဘက်တွေမှာ တော်ရုံနဲ့မအိပ်ဖြစ်ဘူး၊ အိပ်မပျော်ဘူး၊ မျက်စိကြောင်နေတယ်ဆိုရင်တော့ ဒီအရာတွေကို လုပ်နေမိသလားဆိုတာ ပြန်စစ်ဆေးကြည့်ပါ။
Screen Time များခြင်း
ညမိုးချုပ်တဲ့အထိ ဖုန်းတွေကြည့်တာ၊ တီဗီ၊ ကွန်ပြူတာကြည့်တာတွေ အရမ်းများရင်လည်း မျက်စိကြောင်ပြီး အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ အကျင့်ဖြစ်နေရင်တောင်မှ ပြင်သင့်ပါတယ်။ ဒါက ကျန်းမာရေးလည်း ထိခိုက်စေတဲ့ အကျင့်ဆိုးတစ်ခုပါ။
အိပ်ချိန်မသတ်မှတ်ထားခြင်း
အိပ်ချင်သလိုတွေအိပ်နေတာမျိုးမလုပ်ပဲ အချိန်သတ်မှတ်ပြီး အိပ်တာ၊ ထတာမျိုး လုပ်ကြည့်ပါ။ အကျင့်ဖြစ်ပြီး အိပ်နေကျအချိန်ရောက်တာနဲ့ အိပ်ချင်လာမယ်၊ ထနေကျအချိန်ဆို အလိုလိုနိုးနေပါမယ်။ အဲ့လိုမဟုတ်ပဲ ညသန်းခေါင်အထိမအိပ်ပဲ ၂ နာရီ၊ ၃ နာရီမှအိပ်ပြီး မနက်ကျ တော်ရုံနဲ့မထတာမျိုးတွေက အိပ်စက်နိုင်ခြင်းကို အနှောက်အယှက်ပေးပါတယ်။
ညဘက်ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း
ကော်ဖီ၊ လက်ဖက်ရည် သောက်တာက Active ဖြစ်ပြီး မျက်စိကြောင်စေတဲ့အတွက် ညနေဘက်၊ ညဘက်မှ သောက်မယ်ဆိုရင် တော်ရုံနဲ့အိပ်မပျော်တော့ပါဘူး။ စိတ်ကအိပ်ချင်နေလည်း မျက်စိကြောင်နေတဲ့အတွက် အိပ်မပျော်ပါဘူး။
နေ့လည်ဘက်၊ ညနေဘက်တွေအိပ်ထားခြင်း
နေ့လည်ဘက်တွေမှာ တစ်နေကုန်အိပ်နေတာမျိုး၊ ညနေစောင်းမှ အိပ်တာမျိုးတွေကြောင့်လည်း ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့သလို အိပ်ချိန်သတ်မှတ်တာက အကောင်းဆုံးပါပဲ။
ညမိုးချုပ်မှအစားများများစားခြင်း
ညမိုးချုပ်မှ အစားများများစားရင် သေချာအစာမချက်နိုင်တဲ့အတွက် အစာမကြေတာ၊ ရင်ပြည့်ပြီး နေလို့မကောင်းတာ၊ အန်ချင်သလိုတွေ ဖြစ်လာပြီး အိပ်စက်ခြင်းကိုပါ အနှောင့်အယှက် ဖြစ်လာပါတယ်။ ဗိုက်အရမ်းဆာနေရင်လည်း အိပ်မပျော်တာမျိုး ဖြစ်တတ်တာကြောင့် ဗိုက်ဆာရင် နွားနို့သောက်တာမျိုး၊ ရင်မပြည့်စေမယ့် အစားအသောက်စားတာမျိုး လုပ်ပေးနိုင်ပါတယ်။