သာမန်လူတစ်ယောက်အတွက်တောင် နာရီတစ်လုံးဟာ သူ့ရဲ့ ထူးခြားမှုကို ပြပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်နဲ့ ခေါင်းဆောင်တွေအတွက်တော့ နာရီဆိုတာ သူတို့ရဲ့အမှတ်အသားတစ်ခုဆိုလည်း မမှားပါဘူး။ သင့်အနေနဲ့လည်း နာရီမပတ်တဲ့ နိုင်ငံတော်သမ္မတတစ်ယောက် ဝန်ကြီးချုပ်တစ်ယောက်ကို မြင်တွေ့ဖို့ ခဲယဉ်းပါလိမ့်မယ်။
ခေါင်းဆောင်တွေဖြစ်တဲ့အတိုင်း သူတို့ရဲ့ အချိန်နာရီတိုင်းဟာ အရေးကြီးသလို နာရီတစ်လုံးဟာ သူတို့ရဲ့ ပုံရိပ်ကို တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ ကိရိယာတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးမှာ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေနဲ့ သူတို့ကို icon ဖြစ်တဲ့ နာရီတစ်ချို့အကြောင်း မိတ်ဆက်သွားမှာပါ။
(၁) ဗလာဒီမာပူတင်
Photo: deployant
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နာရီအမျိုးမျိုး စုဆောင်းရတာ ဝါသနာကြီးတဲ့သူ ဖြစ်ပါတယ်။အထူးသဖြင့် တန်ဖိုးကြီး ဇိမ်ခံနာရီတွေ စုဆောင်းလေ့ရှိပြီး သူ့ဆီမှာ Patek Philippe ၊ Audemars Piguet ၊ Rolexတို့လို နာမည်ကျော် အကောင်းစား နာရီတွေလည်း ပါရှိပါတယ်။
လောလောဆယ် သူပတ်နေတဲ့ နာရီကတော့ A.Lange & Sohne 1815 Up/Down ပလတ်တီနမ်ကိုယ်ထည် ဖြစ်ပြီး ဒေါ်လာ ၂၇၄၀၀ တန်ပါတယ်။ သူပိုင်တဲ့ နောက်ထပ် ရှားပါး A.Lange & Sohne နာရီတစ်လုံးကတော့ ဒေါ်လာ ၄၅၀၀၀၀ တန်တယ်လို့ ဆိုပါတယ်။
(၂) ဒလိုင်းလားမား
Photo: hodinkee
အခြိုးခြံဆုံး နေထိုင်တယ်လို့ နာမည်ကြီးတဲ့ ၁၄ ဆက်မြောက် ဒလိုင်းလားမားဘုန်းတော်ကြီးဟာ ပိုင်ဆိုင်မှု များများစားစား ထားသူမဟုတ်ပါဘူး။ သူ့မှာ ရှိတဲ့ နာရီကလည်း အိတ်ဆောင် စက်မောင်းနာရီလေး ဖြစ်ပါတယ်။ တန်ဖိုးကြီးတဲ့ Patek Philippe အိတ်ဆောင်နာရီ Reference 658 ကလည်း လက်ဆောင်ရထားတာပါ။ဒီနာရီကို ၁၉၄၃ ခုနှစ်မှာ အမေရိကန်သမ္မတဟောင်း ဖရန်ကလင်းဒီရုစဗဲ့လ်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၇ နှစ်ကြာပြီ ဖြစ်တဲ့ ဒီနာရီအမျိုးအစားဟာ အလွန်တရာရှားပါးနေပြီ ဖြစ်ပါတယ်။ ၁၉၃၇ ထုတ် Patek Philippe Reference 658 နာရီကတော့ ဒေါ်လာ ၅၂၇၀၀၀ နဲ့ လေလံအောင်သွားပါတယ်။
(၃) ဒေါ်နယ်ထရမ့်
Photo: deployant
အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်ကလည်း နာရီဝါသနာအိုး ဖြစ်ပါတယ်။သူဟာ Rolex Daytonas နဲ့ Patek Philippe အမျိုးအစား နာရီတွေ စုဆောင်းလေ့ရှိပြီး လက်ရှိသူဝတ်နေတာကတော့ ၁၉၆၈ ခုနှစ်က ထုတ်ထားတဲ့ Vacheron Constantin Historiques Ultra-Fine ဖြစ်ပါတယ်။
ဒီနာရီမျိုးကို Rose Gold Edition နဲ့လည်း သူ့မှာ ရှိထားပါတယ်။ ဈေးနှုန်းအနေနဲ့ ယူရို ၃၉၀၀၀ အနည်းဆုံးကျသင့်တဲ့ နာရီမျိုး ဖြစ်ပါတယ်။
(၄) နာရန်ဒရာမိုဒီ
Photo: mensxp
အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဖက်ရှင်ကတော့ အားလုံးရဲ့ မျက်လုံးမှာ မြင်ပြီး ဖြစ်မှာပါ။ သူရဲ့ ရိုးစင်းလှတဲ့ ဝတ်စားဆင်ယင်မှုနဲ့အတူ သူဝတ်တဲ့ နာရီကလည်း Minimalistic စတိုင် ဖြစ်ပါတယ်။ မိုဒီဟာ ဂဏန်းမပါတဲ့ အမေရိကန် နာရီကုမ္ပဏီ Movado ဆီက နာရီပတ်ပါတယ်။ Museum Watch လို့ နာမည်ကြီးတဲ့ နာရီတွေ ဖြစ်ပြီး Minimalist တွေအကြိုက် ဖြစ်ပါတယ်။
(၅) ဘားရက်ခ်အိုဘားမား
Photo: bornrich
အမေရိကန်သမ္မတဟောင်း ဘားရက်ခ်အိုဘားမားဟာ သူ့မွေးနေ့မှာ လက်ဆောင်ရတဲ့ Secret Service Limited Edition နာရီပတ်သလို မီးစုန်းလေးတွေပါတဲ့ Tag Heuer Series 1500 လည်း ပတ်ပါတယ်။