ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ထွေထွေထူးထူးရှင်းစရာမလိုဘဲ ဖြောင့်စင်းနူးညံ့နေတဲ့ ဆံသားလေးတွေကို ပျိုမေတိုင်းလိုချင်ကြမှာပါ။ ဆံပင်ဟာ ရေစိုနေတဲ့အချိန်တွေမှာ ပုံမှန်ထက်အားနည်းနေတတ်တာကြောင့် ဒီလိုအချိန်တွေမှာ ပိုပြီးဂရုတစိုက်ကိုင်တွယ်တတ်ဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ ရေမခြောက်သေးတဲ့ဆံသားကို သင်ကိုယ်တိုင်သတိမထားမိဘဲ ပျက်စီးအောင်လုပ်မိနေတတ်တဲ့အမှားတွေရှိနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ သင့်ဆံသားရေစိုနေချိန် မလုပ်သင့်တဲ့အရာတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ ရေစိုနေချိန် ခေါင်းဖြီးခြင်း


ရေမခြောက်သေးဘဲခေါင်းဖြီးတာမျိုးကိုတော့ တော်တော်များများလုပ်ဖူးကြမှာပါ။ ခေါင်းလျှော်ပြီး ရေစိုနေတုန်းအချိန် ဆံပင်ဖြီးတာက ပိုအဆင်ပြေတယ်ထင်ရပေမယ့် ဒါကအားနည်းနေတဲ့သင့်ဆံသားကို အလွယ်တကူကျွတ်ထွက်လာစေပါတယ်။ ဒါကြောင့် ခေါင်းမလျှော်ခင်အချိန်တွေမှာ ခေါင်းကြိုတင်ဖြီးပြီး ဆံသားအထုံးတွေကိုရှင်းလင်းပေးရပါမယ်။ တကယ်လို့ခေါင်းမလျှော်ခင်ဆံသားက အရမ်းခြောက်နေတယ်လို့ ခံစားရရင် Hair Oil တစ်မျိုးလိမ်းပြီးဖြီးပေးပါ။

၂။ ရေစိုနေတဲ့ဆံသားကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခြင်း


ရေစိုနေဆဲဆံပင်ကို ခပ်ကြမ်းကြမ်းဖြီးခြင်း၊ ကိုင်တွယ်ခြင်းကိုလည်းရှောင်ပေးဖို့လိုပါတယ်။ ရေခြောက်ကာစဆံပင်ကိုလည်း အဖျားပိုင်းကစပြီး ဆံကြောင်းတစ်လွှာချင်းး ဖြေးဖြေးချင်းဖြီးပေးနိုင်ရင်အကောင်းဆုံးပါပဲ။

၃။ ရေမခြောက်သေးဘဲ ဆံပင်စည်းခြင်း

Photo Source: Byrdie

ရေစိုဆံပင်ကို အလျင်တလိုစည်းလိုက်တာကလည်း သင့်ဆံသားကိုပျက်စီးစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒါကသင့်ဆံသားကို ကျိုးရာပေါ်စေတဲ့အပြင် ဆံပင်အထုံးတွေလည်းပိုဖြစ်တတ်ပါတယ်။ မကြာခဏပြုလုပ်မိမယ်ဆိုရင် ဆံပင်ပါးလာနိုင်ပြီး ထိပ်ပြောင်တာမျိုးအထိပါဖြစ်တတ်ပါတယ်။

၄။ ရေစိုဆံပင်ကိုအပူများများနဲ့ထိတွေ့ခြင်း


ဆံပင်ကို Dryer မှုတ်တတ်သူတွေအနေနဲ့ သင့်ဆံသားကိုရေစင်တဲ့အထိညှစ်ပြီးမှသာ အပူလျှော့ထားပြီး အသုံးပြုပေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အရမ်းစိုနေတဲ့အချိန်အပူနဲ့ထိတွေ့မိတာက ဆံသားအစိုဓာတ်ခန်းခြောက်ပြီး ကြမ်းတမ်းပျက်စီးလာနိုင်ပါတယ်။

၅။ ခေါင်းရေစိုနဲ့အိပ်ရာဝင်ခြင်း


ခေါင်းရေစိုနဲ့အိပ်ခြင်းက သင့်ဆံသားမွှေးညှင်းပေါက်တွေကို ထိခိုက်ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားမှိုကပ်ခြင်းနဲ့ ဗောက်ထခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်နဲ့အရမ်းကပ်ပြီး ခေါင်းလျှော်တာ၊ ခေါင်းမခြောက်သေးဘဲအိပ်ရာဝင်တာတွေကိုလည်း အတတ်နိုင်ဆုံးရှောင်ပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar