မင်္ဂလာပါနော်။ မျက်နှာနဲ့ခန္ဓာကိုယ်အသားအရေ နဂိုထက်ဖြူပြီး ကြည်လင်လာဖို့ ကီဝီသီးကိုသုံးပြီး ထိန်းသိမ်းနိုင်မယ့်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကီဝီသီးမှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းတဲ့ အာဟာရတွေပါဝင်သလို Vitamin C များတဲ့အသီးဖြစ်လို့ အသားအရေကိုသန့်စင်ပြီး Glow ကာ ကြည်လင်လာဖို့ အဓိကအားဖြည့်ပေးပါတယ်။ ဒါ့အပြင်သူ့မှာပါတဲ့ Vitamin E ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ Antioxidant တွေက အမဲစက်တွေ၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး အသားအရောင်ညီအောင် ပြုပြင်ပေးမှာပါ။ ဒီလိုအကျိုးတွေရဖို့ စာဖတ်သူတို့လိုက်လုပ်နိုင်မယ့် ကီဝီသီးနဲ့ Skincare နည်းလေးတွေကို အခုတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာချေးချွတ်တဲ့အခါ


ဒီချေးချွတ်နည်းအတွက် ကီဝီသီးအခွံကို အသုံးပြုနိုင်ပါတယ်နော်။ သန့်စင်ပြီးသားမျက်နှာပေါ်ကို ကီဝီသီးအခွံနဲ့ဖြေးဖြေးချင်းပွတ်ပေးရုံပါပဲ။ ဆဲလ်သေတွေဖယ်ရှားပေးမှာဖြစ်သလို အသားလင်းသွားအောင် ကူညီပေးမှာပါ။

အသားလေးကြည်ပြီး လန်းဆန်းဖို့


အလုပ်ပင်ပန်းပြီး Stress များတဲ့အချိန်တွေမှာ လန်းလန်းဆန်းဆန်းမရှိဘဲ Skin ကပါ အရောင်မွဲနေသလို ခံစားရရင် ကီဝီသီး Juice ကို အခဲရအောင် ရေခဲစိမ်ပြီး မျက်နှာမှာပွတ်ပေးတာမျိုးလုပ်လို့ရပါတယ်။ အချိန်တိုအတွင်း အသားလေးကြည်ပြီး စိတ်ကိုပါ လန်းဆန်းစေမှာပါ။

ဖြူဝင်းတဲ့ Glow Skin လေးရဖို့


ကီဝီသီးကို Face Mask ပုံစံလုပ်ပြီး ပေါင်းတင်တာမျိုးလုပ်လို့ရပါတယ်နော်။ ကီဝီသီးဖက်တွေကို ဒိန်ချဉ် (သို့) ရှားစောင်းလက်ပက် (သို့) ထောပတ်သီး စတာတွေနဲ့ရောပြီး ရလာတဲ့အနှစ်ကို မျက်နှာမှာ ခပ်ပါးပါးလိမ်းကာ ၁၀ မိနစ်လောက် ပေါင်းတင်ပေးရမှာပါ။  ရေအေးလေးနဲ့ဆေးချပြီးနောက် Glow Skin လေး ရရှိစေမှာပါ။

အသားအရောင်ညီဖို့


ကီဝီကို အသားအရောင်မညီတဲ့နေရာတွေ၊ ညိုမဲနေတဲ့အစိတ်အပိုင်းတွေ ပြန်ဖြူလာဖို့အတွက်လည်း သုံးနိုင်ပါတယ်။ ဒီနည်းအတွက် ကီဝီသီးဖက်တွေကို ဗီတာမင် E တစ်တောင့်နဲ့ရောပြီး အနှစ်ရအောင်လုပ်ကာ ရလာတဲ့အနှစ်ကို ဒူး၊ တံတောင်စတဲ့ ညိုမဲတတ်တဲ့နေရာတွေမှာလိမ်းပေးရမှာပါ။ ။ အသားအရာင်မညီတာ သက်သာပြီး ပြန်ဖြူလာအောင် ကူညီပေးပါလိမ့်မယ်။

မျက်ကွင်းညိုတာသက်သာဖို့


မျက်ကွင်းညိုတတ်တဲ့သူဆိုရင် ပင်ပန်းပြီး ဖောင်းနေတဲ့ မျက်ခွံအောက်နေရာ ပြန်လည်သက်သာဖို့ ကီဝီသီးကို သုံးနိုင်ပါတယ်နော်။ အအေးခံထားတဲ့ ကီဝီသီးကို အစိတ်ဝိုင်းဝိုင်းလေးတွေလုပ်ပြီး မျက်ခွံနေရာမှာ ကပ်ထားပေးရုံပါပဲ။

Photo Source: iStock, Pinterest

By MyStyle Myanmar