သင့်ချစ်သူက သင့်ကွယ်ရာမှာ ဖောက်ပြားနေတာကို သိလိုက်ရတဲ့အခါ ရလာတဲ့ ခံစားချက်က လောကကြီးကို စိတ်ကုန်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

သင်ရလိုက်တဲ့ နာကျင်မှုကနေ ရုန်းထွက်ပြီး အမြန်ရှေ့ဆက်နိုင်ဖို့ အရေးအကြီးဆုံးပါပဲ။ သင့်အနေနဲ့ ချစ်သူဆီက သစ္စာမဲ့ခြင်းကို ကြုံခဲ့မယ်ဆိုရင် ဘယ်လိုရှေ့ဆက်မလဲ။ သူ့ရှေ့ကနေ လုံးဝပျောက်ကွယ်သွားမလား။ ဒါမှမဟုတ် သူ့ကို တောင်းပန်ပြီး သင့်ဆီပြန်လာဖို့ ကြိုးပမ်းမလား။ ဒါက သင့်ရွေးချယ်မှု ဖြစ်သွားပါပြီ။ သင်က သစ္စာဖောက်ခံရပြီးနောက် ဘယ်လိုရှေ့ဆက်ရမလဲ သိချင်ရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ ဒါက သင့်အမှားမဟုတ်ပါဘူး

အမျိုးသမီး အများစုက သူတို့ချစ်သူ သစ္စာဖောက်ပြီဆိုရင် သူတို့ကိုယ်သူတို့ အပြစ်တင်တတ်ကြပါတယ်။ ငါက သူ့အတွက် မလုံလောက်လို့၊ ငါက ဘာမရှိလို့၊ ငါက မပြည့်စုံလို့ ၊ ငါ သူ့ကို အချိန်မပေးခဲ့မိလို့ စတဲ့ အပျက်သဘော အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တတ်ပါတယ်။ ခြံခုန်တဲ့ နွားက ခုန်မှာပါပဲ။ သစ္စာဖောက်မှုတစ်ခုမှာ ဖောက်ပြန်သူသာ မှားခဲ့သူပါ။

၂။ သူနဲ့ စကားပြောကြည့်ပါ

သင်က ပူပူနွေးနွေး ဒီကိစ္စကို ကြုံထားတယ်ဆိုရင် ဝုန်းဒိုင်းကျဲလိုက်ချင်မှာပါ။ သင့်ကောင်လေးကို အော်ဟစ်သောင်းကျန်းပစ်ချင်မှာပါ။ ဒါပေမဲ့ တခြားတဘက်မှာတော့ သင်က သူနဲ့ လုံးဝ စကားပြောချင်စိတ်မရှိတော့ဘဲ တစ်ယောက်တည်း ခံစားရင်း ရှောင်ထွက်ချင်နေတတ်ပါတယ်။

ဒါပေမဲ့ သူနဲ့ စကားပြောကြည့်လိုက်တဲ့အခါ သူ့အကြောင်းပြချက်ကို သိနိုင်သလို သင့်ခံစားချက်ကိုလည်း သူ့ဆီမှာ ပြောနိုင်ပါတယ်။

၃။ အကူအညီယူပါ

သစ္စာဖောက်ခံလိုက်ရတဲ့ ပျိုမေတို့အနေနဲ့ ရှေ့ဆက် လျှောက်လှမ်းမယ့် ခြေလှမ်းတွေအတွက် ဖြစ်နိုင်ရင် Relationship ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ ဆီကနေ အကြံဉာဏ် တောင်းနိုင်တာ မှန်ပေမယ့် သူတို့က သူတို့ကြုံခဲ့တဲ့ အတွေ့အကြုံပေါ် အခြေခံပြီးပဲ အကြံပေးတတ်ကြပါတယ်။

၄။ စိတ်ညစ်မနေပါနဲ့

သစ္စာဖောက်ခံလိုက်ရပြီး အသည်းကွဲနေတဲ့ ပျိုမေတို့ အနေနဲ့ အိပ်ရာထဲမှာ သီးခြား တစ်ယောက်တည်း ကြေကွဲလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလို ခံစားတဲ့ အချိန်ကို အချိန်ကန့်သတ်ချက်နဲ့ပဲ ထားသင့်ပါတယ်။ အိပ်ရာထဲမှာပဲ လှဲမနေဘဲ အပြင်ထွက်ကာ လမ်းလျှောက်တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ စသဖြင့် ပြုလုပ်သင့်ပါတယ်​။ သင်က သင့်ကောင်လေးနဲ့ စကားဆက်ပြောနိုင်ရင် သူနဲ့ ဆွေးနွေးပြီး ဘယ်လိုရှေ့ဆက်ရမလဲ သင်သိလာပါလိမ့်မယ်။

၅။ ဘဝကို ရှေ့ဆက်ပါ

သင့်ကောင်လေး သစ္စာဖောက်သွားတာ မှန်ပါတယ်။ ဒါကို လက်ခံလိုက်သင့်ပါတယ်။ ဒီအချစ်ရေးက သင့်ရှေ့ဆက်ရမယ့် အနာဂတ်ကို ထိခိုက်တာမျိုး မဖြစ်သင့်ပါဘူး။

​ရှေ့ဆက် မချစ်ရဲတော့တာမျိုး မလုပ်သင့်ပါဘူး။ ယောကျာ်း တစ်ယောက် သစ္စာဖောက်ခြင်းက တစ်ကမ္ဘာလုံးက ယောကျာ်းတွေ အားလုံး အဲ့လိုပဲလို့ မဆိုလိုပါဘူး။ ဒါကြောင့် ကိုယ်ရှေ့ဆက်လုပ်စရာတွေပဲ အာရုံစိုက်နေလိုက်ပါ။ အချိန်တန်ရင် သင်နဲ့ ထိုက်တန်သူ ပေါ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar