လူချစ်လူခင်ပေါများပြီး လူအမြင်ကြည်တာခံရရင် အရမ်းကောင်းပါတယ်။ ကိုယ့်အတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် လူမုန်းများအောင်မနေပဲ လူချစ်လူခင်များအောင်သာ နေထိုင်ပါ။ လူချစ်လူခင်ပေါပြီး လူအမြင်ကြည်စေဖို့ အလွယ်ကူဆုံးနေထိုင်နည်း ၅ နည်းကို မျှဝေပေးလိုက်ပါတယ်။

စကားကိုဖြတ်မပြောပဲနားထောင်ပါ

သူများပြောတာကို နားမထောင်ပဲ စကားကို ဖြတ်ပြောတာက အရမ်းရိုင်းပြီး လူအမြင်ကပ်တဲ့ အပြုအမူပါ။ ဒါကြောင့် ဒီလိုအပြုအမူမျိုးကိုရှောင်ပြီး သူများစကားပြောနေရင် စိတ်ဝင်တစားနဲ့ အလေးအနက်ထားပြီး နားထောင်ပေးပါ။ တစ်ဖက်လူပြောလို့ပြီးမှ ကိုယ်ပြောချင်တာကိုပြောပါ။

ပြုံးရယ်နေဖို့ဝန်မလေးပါနဲ့

အမြဲတမ်းပြုံးရယ်ပြီး မျက်နှာချိုရင် လူချစ်လူခင်ပေါပါတယ်။ လူတိုင်းသဘောကျ ခင်မင်ချင်ကြပါတယ်။ တစ်ခုခုဆို ဆူပုပ်နေပြီး ပြုံးရယ်ဖို့ ဝန်လေးနေတာမျိုး မလုပ်ပါနဲ့။ တစ်ယောက်ထဲ ဖာသိဖာသာနေတာမျိုးလည်း မလုပ်ပါနဲ့။ လိုက်လျောညီထွေဖြစ်အောင် နေပေးပြီး မျက်နှာချိုရင် လူချစ်လူခင်ပေါပြီး အမြင်ကြည်တာခံရပါတယ်။

ကတိမဖြတ်ပါနဲ့

ကတိဖြတ်တတ်ရင်၊ ကတိမတည်ရင် လူအမြင်ကပ်ပါတယ်။ ဘာလုပ်လုပ်လည်း အဆင်မပြေဖြစ်တတ်ပါတယ်။ မလုပ်နိုင်ရင် အစထဲက ကတိမပေးပါနဲ့။ ကတိပေးပြီးရင်တော့ တည်အောင်လုပ်ပါ။ ကတိတည်ရင် သူများလည်း လေးစားတယ်၊ ယုံကြည်မှုရှိပါတယ်။

ရိုးသားပါ

ရိုးသားတဲ့သူကို လူတိုင်းက သဘောကျပါတယ်။ အလုပ်ရှင်တွေဆိုလည်း ရိုးသားတဲ့သူကိုပဲ လိုချင်တာပါ။ ဒါကြောင့် လူချစ်လူခင်ပေါပြီး အများအမြင်ကြည်ဖို့က ရိုးသားမှုရှိနေဖို့လည်း လိုပါတယ်။

အကောင်းမြင်စိတ်ထားပါ

တစ်ခုခုဆို အဆိုးဘက်ကပဲမြင်နေပြီး မကောင်းတာတွေပဲ ပြောနေမယ်၊ မကောင်းတဲ့စိတ်နဲ့ပဲ မြင်နေမယ်၊ ပြောနေမယ်ဆိုရင် ကြာလာရင် လူအမြင်ကပ်ပါတယ်။ ကိုယ့်စိတ်လည်း ညစ်နွမ်းစေပါတယ်။ ဒါကြောင့် အရာရာကို အကောင်းမြင်စိတ်ထားကြည့်ပါ။ အကောင်းမြင်စိတ်များတဲ့သူကို သူများလည်း သဘောကျတယ်၊ ခင်ချင်ကြပါတယ်။