မင်္ဂလာပါ ပျိုမေတို့ရေ။ ဖိနပ်ပေါက်တာက ဒေါက်အမြင့်တွေစီးမှ မဟုတ်ပါဘူးနော်။ စီးရအသားမကျသေးတဲ့ ဖိနပ်တိုင်းလိုလို ခြေဖနောင့်နဲ့ ခြေချောင်းတွေမှာ အနည်းနဲ့အများ ဒဏ်ရာရတတ်ပါတယ်။ ဒါကိုဂရုမစိုက်ဘဲထားမိရင် လမ်းလျှောက်ရအဆင်မပြေဖြစ်နိုင်တဲ့အပြင် ခြေထောက်မှာအနာဖြစ်ပြီး အမာရွတ်ကျန်ခဲ့တာတွေ ဖြစ်လာမှာပါ။ ဒီလိုမဖြစ်ရအောင် ဖိနပ်ပေါက်ဒဏ်ရာတွေ အမြန်ဆုံးသက်သာဖို့ ကိုယ်တိုင်လုပ်နိုင်မယ့် ကုသနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ရေခဲကပ်ပါ


ရေခဲကပ်တာက ခြေထောက်အရောင်ကျဖို့ အထိရောက်ဆုံးနည်းလမ်းတစ်မျိုးပါ။ ခြေထောက်နာတာလည်း သက်သာစေတာမို့ ရေခဲအတုံးသေး အနည်းငယ်ကို အဝတ်သန့်နဲ့ ပတ်ပြီး ဖိနပ်ပေါက်တဲ့နေရာတွေပေါ် ခပ်ဖွဖွဖိကပ်ပေးပါ။

Size မမှန်တဲ့ဖိနပ်တွေ၊ ဒေါက်အမြင့်တွေစီးတာကို ရှောင်ပါ


ကိုယ်စီးမယ့်ဖိနပ်က Size မမှန်တာမျိုး၊ လေဝင်ပေါက်မရှိတာမျိုးဖြစ်နေရင်လည်း ဖိနပ်ပိုပေါက်တတ်ပါတယ်။ ဖိနပ်ပေါက်တာနဲ့ ပိုမဆိုးခင်မှာ ခြေထောက်ကို ရက်ပိုင်းလောက် အနားပေးဖို့လိုတာမို့ ဒေါက်အမြင့်တွေ၊ အပိတ်ဖိနပ်တွေစီးတာကို ခဏရပ်ထားလိုက်ပါ။ မလိုအပ်ရင် ဖိနပ်ချွတ်ထားတာ၊ ပေါ့ပေါ့ပါးပါး ဖိနပ်အပါးလေးတွေ စီးတာမျိုး လုပ်သင့်ပါတယ်။

ရေနွေးလေးနဲ့စိမ်ပါ


ဇလုံတစ်ခုထဲမှာ ရေနွေးနွေးနဲ့ ခြေထောက်စိမ်ပေးတာကလည်း အရောင်ကျမြန်ပြီး ခြေထောက်အနာ သက်သာစေပါတယ်။ ဆားနည်းနည်းထည့်ပြီး မိနစ် ၂၀ လောက်စိမ်ပေးတာမျိုး လုပ်ကြည့်ပါ။

အကြောလျှော့ပေးပါ


ခန္ဓာကိုယ်ဝိတ်နဲ့ ဖိနပ်ကြောင့် ခြေထောက်ကြွက်သားမှာ ဒဏ်မဖြစ်ရအောင် အကြောလျှော့လေ့ကျင့်ခန်းအချို့လုပ်ပေးဖို့လိုပါတယ်။ ခြေဖနောင့်နဲ့ ခြေကျင်းဝတ်နေရာတွေအတွက် အာရုံစိုက်ပြီး အကြောပြေစေမယ့် လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

ခြေချောင်းတွေကို နှိပ်နယ်ပေးပါ


ခြေထောက်ကို Massage ပြန်လုပ်ပေးတာက နာကျင်ရောင်ရမ်းတာတွေသက်သာပြီး သွေးလည်ပတ်မှုလည်း ကောင်းစေပါတယ်။ ညအိပ်ရာဝင်ခါနီး ခြေထောက်ဆေးကြောပြီးတဲ့အချိန်က Massage လုပ်ဖို့ အသင့်တော်ဆုံးပါပဲ။ ခြေထောက်အစိုဓာတ်လည်းပေးပြီးသားဖြစ်အောင် Oil (သို့) Lotion နဲ့တွဲလိမ်းပြီး ခြေချောင်းကြားတွေအထိ နှိပ်နယ်ပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar