Stress တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အချိန်တိုအတွင်းမှာ Stress တွေ အမြန်ဆုံး လျော့ကျအောင် လုပ်ချင်တာဆိုရင်တော့ ဒီနည်းလမ်း ၅ ခုကို လုပ်ကြည့်ပါ။ အလုပ်မှာပဲဖြစ်ဖြစ်၊ အပြင်ရောက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းတွေလည်း ဖြစ်ပါတယ်။

သီချင်းနားထောင်ပါ

Stress တွေရှိနေရင် မျက်စိမှိတ် နားကြပ်တပ်ပြီး သီချင်းနားထောင်လိုက်ပါ။ သီချင်းထဲမှာ စီးမြောခံစားရင်းနဲ့ Stress တွေကို မေ့သွားစေပါတယ်။ အကုန်လုံးမပျောက်ရင်တောင်မှ Stress တွေ နည်းနည်းတော့ လျော့ကျသွားစေပါတယ်။

ရယ်မောပါ

ရယ်မောခြင်းကတော့ Stress တွေ လုံးဝကို လျော့ကျသွားမယ့် နည်းလမ်းပါပဲ။ ရယ်စရာတွေကြည့်ပြီး အားရပါးရ ရယ်မောလိုက်တာမျိုး၊ ရယ်စရာတွေပြောရင်းနဲ့ ရယ်မောလိုက်တာမျိုးတွေက အချိန်တိုအတွင်းမှာ Stress တွေလျော့ကျစေပြီး စိတ်ပျော်ရွှင်မှု ရစေပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အပြင်ရောက်နေလို့ပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် တခြားဟာလုပ်ဖို့ အဆင်မပြေဘူးဆိုရင် မျက်စိမှိတ်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ အသက်ရှူသွင်းရှူထုတ် လုပ်နေတဲ့ဆီကိုပဲ စိတ်ထည့်ပြီး လုပ်ကြည့်ပါ။ အချိန်တိုအတွင်းမှာ Stress တွေလျော့ကျပြီး စိတ်တည်ငြိမ်လာပါလိမ့်မယ်။

စကားစမြည်ပြောပါ

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် စကားစမြည်ပြောလိုက်ရင် ရနေတဲ့ Stress တွေကို မေ့သွားစေပါတယ်။ အလုပ်မှာဆိုရင်လည်း လုပ်လက်စအလုပ်တွေကို ခဏရပ်ထားပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခဏလောက် စကားစမြည်ပြောလိုက်ပါ။ အချိန်တိုအတွင်းမှာ Stress တွေ လျော့ကျပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားပါလိမ့်မယ်။

တရားထိုင်ပါ

အိမ်မှာနေတဲ့အချိန်မျိုးဆိုရင်တော့ ဘာမှမလုပ်ပဲ တရားထိုင်နေလိုက်ပါ။ အချိန်တိုအတွင်းမှာ Stress တွေလျော့ကျပြီး စိတ်တည်ငြိမ်လာမယ်၊ စိတ်ပိုင်းဆိုင်ရာ ပိုပြီးအားကောင်းလာပါမယ်။