မင်္ဂလာပါ ပျိုမေတို့ရေ။ စိုစွတ်တဲ့ရာသီကနေ ခြောက်သွေ့တဲ့ရာသီ အကူးအပြောင်းရောက်လာပြီဖြစ်လို့ အသားအရေကလည်း အစိုဓာတ်လျော့ပြီး ပုံမှန်ထက်ခြောက်သွေ့လွယ်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ လုံလောက်တဲ့ အစိုဓာတ်မရတာနဲ့ အသားခြောက်တဲ့ပြဿနာတွေဖြစ်လာမှာပါ။ ဒါကြောင့်မို့ ရာသီအကူးအပြောင်းမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲ သိချင်တဲ့သူတွေအတွက် နည်းလမ်းမှန်မှန်နဲ့ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Skin Type မရွေး အသုံးဝင်စေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

၁။ အစိုဓာတ်က အဓိကပါပဲ


အအေးပိုလာတဲ့ရာသီမှာ လေထုကလည်း စိမ့်ပြီးခြောက်သွေ့လာတတ်တာမို့ အသားအရေ အစိုဓာတ်ခန်းခြောက်ဖို့ပိုလွယ်ပါတယ်။ ဒါကိုမသိသာအောင် အစိုဓာတ်များများပေးနိုင်တဲ့ Moisturizer တစ်မျိုးကို Skincare အဆင့်တစ်ခုအနေနဲ့ ထည့်သုံးပေးပါနော်။ အစိုဓာတ်အာနိသင်စိမ့်ဝင်စေတဲ့ Hyaluronic Acid ပါဝင်တာမျိုးဆို ပိုကောင်းပါတယ်။

၂။ နေ့တိုင်း Sunscreen ပုံမှန်လိမ်းပါ


Sunscreen ကတော့ ရာသီမရွေး လိမ်းဖို့လိုတာမို့ မနက်တိုင်းပုံမှန်လိမ်းပေးဖို့ မမေ့ပါနဲ့နော်။ အသားအရေကိုထိခိုက်စေတဲ့ UV ရောင့်ခြည်တွေက နေမပူတဲ့အချိန်မှာတောင် နေရာတိုင်းရှိနေနိုင်လို့ အိမ်မှာနေရင်းနဲ့လည်း လိမ်းထားရပါတယ်။ နေလောင်ကာ SPF ပမာဏပါဝင်မှု ၃၀ နဲ့အထက်ရှိတဲ့ Sunscreen မျိုးရွေးပြီး နေရောင်နဲ့အများဆုံး ထိတွေ့ရတဲ့ မျက်နှာ၊ လည်ပင်းနဲ့ လက်တွေမှာ ပုံမှန်လိမ်းပေးပါ။

၃။ မျက်နှာသစ်တဲ့ပုံစံကို ပြုပြင်ပါ


ရာသီဥတုအပြောင်းအလဲမှာ မျက်နှာသစ်တဲ့ပုံစံပြောင်းပေးဖို့လည်း လိုပါတယ်။ မိုးရာသီလို စိုစွတ်များတဲ့ရာသီမှာဆိုရင် အသားအရေက အဆီပိုထွက်တတ်တာမို့ အဆီထိန်းတဲ့ Cleanser တွေ သုံးပေးသင့်ပြီး ခြောက်သွေ့တဲ့ရာသီတွေရောက်ရင်တော့ သဘာဝအဆီ မဆုံးရှုံးစေမယ့် အစိုဓာတ်ဖြည့် Cleanser အပျော့လေးတွေ ပြောင်းသုံးပေးတာမျိုး လုပ်သင့်ပါတယ်။

၄။ မျက်နှာချေးချွတ်တာကို သတိထားလုပ်ပါ


မျက်နှာပေါ်ကမလိုအပ်တဲ့ ဆဲလ်သေတွေဖယ်ရှားဖို့ မျက်နှာပုံမှန်ချေးချွတ်ပေးရပါတယ်။ ဒါပေမယ့် ရာသီဥတုအကူးအပြောင်းမှာတော့ ခဏခဏလုပ်မိရင် အသားအရေပါးလာတာ၊ Sensitive ဖြစ်သွားတာမျိုး တွေ့ရတတ်လို့ နှစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ မျက်နှာချေးချွတ်ပေးပါ။ ဘေးထွက်ဆိုးကျိုးနည်းတဲ့ သဘာဝနည်းတွေနဲ့ ချေးချွတ်ပေးနိုင်ရင်အကောင်းဆုံးပါပဲ။

၅။ ကိုယ်တွင်းအစိုဓာတ်ပြည့်နေအောင်နေပါ


ကိုယ်တွင်းအစိုဓာတ်ပြည့်နေရင် ထွေထွေထူးထူး Skincare မလုပ်ရင်တောင် အသားအရေပျက်စီးမှုကို လျှော့ချပြီးသားဖြစ်တာမို့ ရေလုံလောက်အောင်သောက်တာ၊ အာဟာရပြည့်တဲ့ အသီးအရွက်များများစားတာမျိုး လုပ်ပေးပါ။ သင့်စားသမျှက အသားအရေကိုပါ သက်ရောက်မှုရှိတာမို့ ကျန်းမာရေးနဲ့ညီညွှတ်တာတွေ ပုံမှန်စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar