ဂျေဝင်တာ၊ သဝန်တာတွေက အချစ်ရေးတစ်ခုမှာ အနည်းနဲ့ အများ တွေ့ရတတ်တဲ့ စိတ်ခံစားချက်ပါ။ သင်ကိုယ်တိုင်လည်း ဒီလို သဝန်တိုခဲ့ဖူးတဲ့ အမှတ်တရတွေ ရှိဖူးမှာပါ။ ဒါပေမဲ့ လိုတာထက် ပိုလွန်းတာကတော့ သင့်အတွက်ကော သင့်အချစ်ရေးအတွက်ကော ရေရှည်မှာ ကောင်းကျိုး မပေးနိုင်ပါဘူး။ သဝန်တိုလွန်းအားကြီးရင် သင်က သင့်ကိုယ်သင် ယုံကြည်မှု ပျောက်လာနိုင်သလို ဒေါသဖြစ်တာ၊ စိတ်အလိုမကျတာတွေ ပိုများလာတတ်ပါတယ်။ ဒီတော့ လိုတာထက် သဝန်တိုလွန်းတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပြောပြပါ

သဝန်တိုတတ်တဲ့ သူတွေအနေနဲ့ ကိုယ့်ချစ်သူနဲ့ ညှိနှိုင်းပြောဆိုဖို့ အရေးကြီးပါတယ်။ သင့်ချစ်သူနဲ့ သဝန်တိုနေသူရဲ့ အကြောင်းကို မေးတာ၊ သင့်ချစ်သူရဲ့ အမြင်ကို သိရဖို့ မေးခွန်းမေးတာတွေ လုပ်သင့်ပါတယ်။ ဒီနည်းလမ်းနဲ့ပဲ အချစ်ရေးကို အလုပ်ဖြစ်အောင် ကြိုးစားနိုင်တာပါ။ ဒီလို ညှိနှိုင်းတဲ့ နည်းလမ်းက အချစ်ရေးမှာ ပျော်ရွှင်ဖို့ အကောင်းဆုံး နည်းလမ်းတွေ ထဲက တစ်ခု ဖြစ်ပါတယ်။

၂။ နှိုင်းယှဉ်တာတွေကို ရှောင်ပါ

သင် သဝန်တိုရတဲ့ အကြောင်းအရင်းက တခြားသူနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်လို့ပါ။ သေချာတဲ့ အမှန်တရားကတော့ သင်က သင်ပါပဲ။ ချစ်သူအတွက်ဆိုပြီး သင့်ကိုယ်သင် နောက်တစ်ယောက် အဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်ပါဘူး။ ဒါကြောင့် သင်က တစ်ချိန်ချိန် တစ်ယောက်ယောက်နဲ့ သဝန်တိုလာတဲ့အချိန်တိုင်း သင့်ချစ်သူက သင်မို့လို့ ရွေးချယ်ခဲ့တယ်ဆိုတာကို မမေ့သင့်ပါဘူး။

၃။ အရင် အတိတ်ဟောင်းတွေကို စွန့်ပစ်ပါ

သင်က အတိတ်မှာ သစ္စာဖောက်ခံခဲ့ရတာကြောင့် လက်ရှိချစ်သူကို သဝန်တိုလွန်းတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အသက်ပြင်းပြင်း ရှူပြီး လက်ရှိအချိန်ကို အာရုံစိုက်လိုက်ပါ။ သင့်လက်ရှိချစ်သူက အရင်လူတွေနဲ့ လုံးဝကွဲပြားနေတာမျိုး ဖြစ်နိုင်တာကိုလည်း မမေ့သင့်ပါဘူး။

၄။ ကျေးဇူးတင်တာနဲ့ ပျော်ရွှင်တာ တည်ဆောက်တတ်ဖို့ လေ့ကျင့်ပါ

သဝန်တိုတာက ကိုယ့်ကောင်းကြောင်းကို မတွေးဘဲ သူများ ကောင်းကြောင်းတွေပဲ တွေးနေတာကြောင့်ပါ။ ဒီလို ဂျေဝင်တဲ့အခါ ကိုယ့်မှာ ရှိတဲ့ ကျေးဇူးတင်စရာ အချက်တွေကို သတိမရတော့ပါဘူး။ ဒီအစား သင့်ထိုက်တန်မှု၊ သင့်ယုံကြည်မှုတွေကို သိထားပြီး ဒါအတွက် ကျေးဇူးတင်သင့်ပါတယ်။

၅။ ယှဉ်ပြိုင်တာတွေ မလုပ်ပါနဲ့

သဝန်တိုလွန်းရင် သင့်ရဲ့ အဆိုးဆုံး သွင်ပြင်ကို ပေါ်သွားစေပါတယ်။ သင်က သင့်လက်တွဲဖော်ရဲ့ အာရုံစိုက်မှု ဘယ်လောက်ပဲ လိုချင်ပါစေ သူ့ကို နိုင်ဖို့ ကစားပွဲတွေ ဖန်တီးတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို ချစ်သူနဲ့ ပြိုင်နေတာတွေက အချင်းချင်း ယုံကြည်မှု ပျောက်ဆုံးစေပါတယ်။

Photo Source: Pinterest

by MyStyle Myanmar