ဘယ်သူမှ ကိုယ့်ကို မချစ်တဲ့အချိန်တောင် ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ချစ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်မှ အမြဲကျန်းမာပြီး လုပ်ချင်တဲ့အရာတွေ လုပ်နိုင်မှာပါ။ အထူးသဖြင့် ယောကျာ်းလေးနဲ့ မိန်းကလေးယှဉ်ရင် မိန်းကလေးတွေက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အားငယ်စိတ် မကောင်းမြင်စိတ်ပိုများတတ်ပါတယ်။ အခက်အခဲတွေ့ချိန် ပြဿနာတွေ့ချိန်တွေဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားတတ်ကြပါတယ်။ ရှေ့လျှောက်ဒီလိုမဖြစ်ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ချစ်ဖို့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ


ပထမဆုံး မှန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပါ။ ပြီးနောက် မှန်ထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို လိုက်ရှာပါ။ ကိုယ့်ခန္ဓာကိုယ်မှာ လှတဲ့ အစိတ်အပိုင်းတော့ရှိမှာပါ။ ဒီအရာကို မြင်အောင်ကြည့်ပေးပါ။ အခြားပြင်ပအရာတွေကိုပဲ အာရုံမထားဘဲ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပေးပါ။

၂။ ခန္ဓာကိုယ်အနေအထား


သင့်နေပုံထိုင်ပုံ ကိုယ်နေဟန်ထားက သင့်ခံယူချက်ကို အနည်းနဲ့အများ သက်ရောက်မှုရှိပါတယ်။ လမ်းလျှောက်တဲ့အချိန်တိုင်း ရင်ကော့ ခေါင်းမော့ပြီး ယုံကြည်မှုရှိရှိ လျှောက်ပေးပါ။ ခေါင်းအောက်ငုံ့ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ လမ်းလျှောက်တာမျိုးမလုပ်ပါနဲ့။

၃။ လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ရဲ့ ခုခံစွမ်းအားကို တိုးတက်စေပြီး ရောဂါကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တာက စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးနှစ်ခုလုံးအတွက် ကောင်းပါတယ်။

၄။ အာဟာရဓာတ်လုံလောက်မျှတအောင် စားပေးပါ


သင်စားတဲ့ပုံစံက သင်ဖြစ်လာမယ့်အရာပါပဲ။ သင်က အဆီများတာတွေ စားလွန်းရင် ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ခန္ဓာကိုယ်ပုံစံဖြစ်လာပါလိမ့်မယ်။ အာဟာရမျှတပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားရင်တော့ သင်က အရင်ကထက် ပိုကျန်းမာလာပြီး ပိုပျော်ရွှင်လာပါလိမ့်မယ်။

၅။ အကောင်းမြင်စိတ်မွေးပါ


လူတွေရဲ့ စွမ်းအင်က တူညီတဲ့အရာကို ဆွဲငင်တတ်ကြပါတယ်။ သင်က ပျော်ရွှင်တဲ့လူတစ်ယောက်ဆိုရင် ပျော်ရွှင်တဲ့လူကို ဆွဲငင်နေတတ်ပါတယ်။ အဆိုးမြင်စိတ်များသူတွေကတော့ မကောင်းတဲ့လူတွေကို ဆွဲငင်တတ်ပါတယ်။ ဒီတော့ ဘယ်လိုအခက်အခဲပဲရှိရှိ အကောင်းဘက်က မြင်ကြည့်ပါ။ သင့်ကိုယ်သင်ရော သင့်ခန္ဓာကိုယ်ကိုပါ ပိုချစ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar