မင်္ဂလာပါ ပျိုမေတို့ရေ။ အဆီပြန်တတ်တဲ့သူတွေအတွက် နွေရာသီ ချွေးထွက်တဲ့အချိန်က တကယ်ကို စိတ်ရှုပ်စရာပါပဲနော်။ Oily Skin ရှိပြီး မိတ်ကပ်ပါ လိမ်းနေရတဲ့သူဆိုရင် ပိုဆိုးပါတယ်။ ချွေးနဲ့အဆီတွေ ပေါင်းသွားတာမို့ ချွေးသုတ်လိုက်တာနဲ့ မိတ်ကပ်တွေရွေ့ပြီး ပုံပျက်ပန်းပျက်ဖြစ်စေမှာပါ။ ဒါ့အပြင် အသားအရေကလည်း အဆီကြောင့် စေးကပ်ကပ်ဖြစ်ကာ အပြင်က ဖုန်နဲ့ဘက်တီးရီးယားတွေ ကပ်လွယ်တတ်တာမို့ ဒါတွေကို သက်သာအောင် လျှော့ချလို့ရမယ့် နည်းလမ်းတွေကို ဒီတစ်ခေါက် ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

၁။ တစ်နေ့နှစ်ကြိမ် အနည်းဆုံး မျက်နှာသစ်ပါ


အဆီပြန်တာလျှော့ချဖို့အတွက် မျက်နှာသန့်စင်တဲ့အဆင့်က အရမ်းအရေးကြီးပါတယ်။ ကိုယ့် Skin Type နဲ့ အဆင်ပြေတဲ့ Cleanser ကိုရွေးချယ်ပြီး တစ်နေ့နှစ်ကြိမ်အနည်းဆုံး မျက်နှာပေါ်က ချွေးနဲ့ဖုန်တွေပြောင်အောင် သန့်စင်ပေးပါ။ အဆီပြန်တတ်သူတွေက Form အမျိုးအစား မျက်နှာသစ်ဆေးသုံးရင် ပိုကောင်းပါတယ်။

၂။ ပုဝါအသွေ့ကို အသုံးပြုပါ


ပူလို့ ချွေးသုတ်မယ်ဆိုရင် ရေခြောက်ပြီး သန့်စင်ထားတဲ့ ချွေးသုတ်ဝတ်ပုဝါကိုပဲ သုံးပေးပါနော်။ သုံးတဲ့အခါ မျက်နှာကို ပွတ်ဆွဲပြီးမသုတ်ပဲ ခပ်ဖွဖွလေးပဲပုတ်ပေးဖို့ မမေ့ပါနဲ့။ မိတ်ကပ်လိမ်းထားတဲ့သူတွေက T Zone လိုနေရာတွေမှာ အဆီစုပ်စက္ကူနဲ့ ခပ်ဖွဖွဖိပေးပြီး သုံးနိုင်ပါတယ်။

၃။ ချွေးစိုနေတဲ့ ဘီးကုတ်၊ ဦးထုပ်နဲ့ အင်္ကျီတွေ ပုံမှန်လျှော်ပေးပါ


ချွေးထွက်ထားတဲ့ အဝတ်တွေ၊ Hair Accessories တွေနဲ့ ပုဝါတွေမှာ ဘက်တီးရီးယားတွေရှိတာမို့ အသားအရေကို ပြန်ပြီးဒုက္ခပေးနိုင်ပါတယ်။ ချွေးထွက်များတဲ့အချိန်ဆို မျက်နှာကပိုပြီး စေးကပ်နေတတ်တာမို့ မသန့်တဲ့အဝတ်တွေနဲ့ထိမိတဲ့အခါ မလိုအပ်တဲ့ အသားအရေပြဿနာတွေဖြစ်လာမှာပါ။ ချွေးထွက်ပြီးချိန် တန်းပြီးရေချိုးထားတာ ချွေးထွက်ထားတဲ့ အဝတ်တွေကို ချက်ချင်းပြန်လျှော်တာမျိုးလုပ်ပေးရင် အကောင်းဆုံးပါပဲ။

၄။ ဆောင်းရာသီတုန်းကနဲ့မတူတဲ့ Skincare ပုံစံခွဲထားသင့်တယ်


သင်က အဆီပြန်အသားအရေရှိသူဆိုရင် ရာသီအလိုက် Skincare ကို ပြောင်းသုံးတတ်ဖို့လည်း လိုပါတယ်နော်။ နွေရာသီမှာဆိုရင် အသားထဲစိမ့်ဝင်လွယ်ပြီး အဆီပြန်တာထိန်းပေးနိုင်မယ့် လိမ်းရပေါ့ပါးတဲ့ Gel Type လေးတွေ၊ Oil Free ဖြစ်တာတွေ သုံးပေးရင် ပိုကောင်းပါတယ်။

၅။ အသားအရေကို အအေးဓာတ်ပြန်ပေးပါ


ပူတဲ့ရာသီရောက်ရင် အသားအရေ စေးကပ်မနေဖို့ အသားအရေကို အေးသွားအောင်ပြန်လုပ်ရမယ့် အဆင့်ကလည်း အရေးကြီးပါတယ်။ ဒီ့အတွက် ယပ်တောင်နဲ့ယပ်ခတ်ပေးတာ၊ ရေအေးနဲ့ချိုးတာ၊ အဲယားကွန်းအခန်းမှာ နားနေတာမျိုးလုပ်ပေးပါ။ နေအရမ်းပူတဲ့အချိန်အပြင်ထွက်တာကလည်း အသားအရေကို တိုက်ရိုက်ထိပြီး နေလောင်ကွက်နဲ့ ယားယံတာတွေဖြစ်စေတာမို့ တတ်နိုင်သလောက် မထွက်မိအောင် နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar