ကိုယ်အလေးထားတဲ့ ချစ်ရသူတွေ စိတ်ဓာတ်ကျနေတဲ့အခါ သင်ကိုယ်တိုင်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်ပါတယ်။ ကိုယ်ကအားပေးနှစ်သိမ့်ချင်ပေမယ့်တစ်ခါတစ်ရံမှာ သူတို့ရဲ့စိတ်ကိုအပြည့်အဝနားမလည်နိုင်တာကြောင့် ဘာလုပ်ပေးရမှန်းမသိတဲ့ အခြေအနေမျိုးနဲ့လည်း ကြုံရတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီလိုအခြေအနေတွေကိုကျော်ဖြတ်နိုင်ဖို့အတွက် ကိုယ်ချစ်ရတဲ့ မိသားစုဝင် ဒါမှမဟုတ် လက်တွဲဖော်နဲ့ သူငယ်ချင်းအပေါင်းအသင်းတွေစိတ်ဓာတ်ကျနေတဲ့အခါ အားပေးနှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်းတွေအကြောင်းကိုဒီတစ်ခေါက်ဆောင်းပါးမှာ မျှဝေပေးချင်ပါတယ်။

၁။ အနားမှာအမြဲရှိကြောင်းပြောပြပေးပါ

ပထမဆုံး စိတ်ဓာတ်ကျနေသူရဲ့ပြဿနာအတိမ်အနက်ကို အရင်သိအောင်ပြုလုပ်ရပါမယ်။ အချို့လူတွေက စိတ်ညစ်တဲ့အချိန်ကြာလာတဲ့အခါမှာ စကားပြောဖော်ရှာတာ၊ အားကစားလုပ်လိုက်တာစတဲ့အရာတွေနဲ့ အာရုံပြောင်းတတ်ကြပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ကသူတို့အနားမှာအဖော်ပြုပေးသင့်ပါတယ်။ သင်က ဂရုစိုက်ပေးချင်တဲ့အကြောင်းနဲ့ အကူအညီလိုတဲ့အချိန်တွေမှာ အမြဲရှိနေမယ့်အကြောင်းတွေကို သူတို့သိအောင် မကြာခဏပြောပြပေးဖို့လိုပါတယ်။

၂။ သူတို့ပြောစကားကိုနားထောင်ပေးပါ

တစ်ခါတစ်ရံမှာ မွန်းကြပ်နေတဲ့စိတ်ကိုဖွင့်ချလိုက်တာကလည်း စိတ်ဓာတ်ကျစိတ်ညစ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်စိတ်ဓာတ်ကျနေသူနဲ့ စကားပြောတဲ့အခါ ကိုယ်ရဲ့အကြံပေးစကားတွေထက် သူတို့စိတ်ထဲကအကြောင်းအရာတွေ ရင်ဖွင့်ပြောပြလာတဲ့အထိ နားထောင်ပေးသင့်ပါတယ်။

၃။ သင်ကိုယ်တိုင်ကလည်း တက်တက်ကြွကြွနေဖို့လိုပါတယ်

စိတ်ညစ်နေသူကိုအားပေးနိုင်ဖို့အတွက် သင်ကိုယ်တိုင်က တက်ကြွပျော်ရွှင်နေဖို့လိုပါတယ်။ ကိုယ်တိုင်က စိတ်အပြောင်းအလဲလုပ်ပြီး စိတ်ထဲမှာရှိတဲ့အရာကို သူတို့ရှေ့မှာ ပွင့်ပွင့်လင်းလင်းပြောပြပေးပါ။ စိတ်ညစ်စရာတွေကို ကျော်ဖြတ်နိုင်ခြင်းက နောင်လာမယ့်အခက်အခဲတွေအတွက် အသင့်ပြင်ထားခြင်း ဖြစ်ကြောင်း၊ အကောင်းဘက်က တွေးသင့်ကြောင်း အားပေးသင့်ပါတယ်။

၄။ အတိုင်းအတာတစ်ခုသတ်မှတ်ထားပါ

သင်က ချစ်တဲ့သူတွေကိုအမြဲပျော်ရွှင်အောင်ဖြည့်ဆည်းပေးချင်ပေမယ့် သူတို့ရဲ့လက်ခံချင်တဲ့စိတ်ပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေသူကို နှစ်သိမ့်တဲ့အခါ ကိုယ်တတ်နိုင်တဲ့အနေအထားနဲ့ပဲ ပြောဆိုအားပေးပါ။ တာဝန်တစ်ခုအနေနဲ့ သတ်မှတ်ထားတာက သင့်ကိုယ်သင်လိုတာထက်ပို ဖိအားပေးသလိုဖြစ်စေနိုင်ပါတယ်။

၅။ ကိုယ့်ကိုကိုယ်ကာကွယ်ပါ

တကယ်လို့ စိတ်ဓာတ်ကျနေသူက သူ့ရဲ့စိတ်အခြေအနေကို လွယ်လွယ်မပြောင်းလဲနိုင်တဲ့အခါ သင့်အနေနဲ့ တစ်ဖက်လူကိုယ်တိုင်ဖြေရှင်းနိုင်မယ့်အထိ အချိန်ပေးပြီးစောင့်ကြည့်ဖို့လိုပါတယ်။ ကိုယ်ချစ်တဲ့သူဖြစ်နေပါစေ အမြဲသူတို့ရဲ့စိတ်ညစ်စရာခံစားချက်တွေနဲ့အတူ နစ်မြုပ်နေမယ်ဆိုရင် သင်ကိုယ်တိုင်လည်း စိတ်ဓာတ်ကျလာနိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်လူကိုအားပေးရင်းနဲ့ ကိုယ့်ကိုကိုယ်ဂရုစိုက်ပေးဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar