မင်္ဂလာပါနော်။ အသက်အရွယ်ရလာလေ ရုပ်ရည်အစိတ်အပိုင်းတွေ ပြောင်းလဲလာလေဖြစ်တာကြောင့် သင့်ဆံသားတွေဟာလည်း ကျွတ်ပြီးပါးကာ ကြမ်းတမ်းခြောက်သွေ့လာတာ၊ ဆံပင်ဖြူလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ ဦးရေပြားအတွင်း သဘာဝအဆီထုတ်လုပ်မှု လျော့နည်းလာခြင်းကြောင့်ဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ အသက် ၄၀ ကျော် ၅၀ နီးပါး အချိန်တွေမှာအဖြစ်များပါတယ်။ သင့်အနေနဲ့ အသက်ကြီးလာတဲ့အထိ နက်မှောင်သန်စွမ်းတဲ့ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပုံမှန်လုပ်ပေးသင့်တဲ့ ဆံသားဂရုစိုက်မှုနည်းလမ်းကောင်းတွေကို သိထားနိုင်ရင်အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ အသက် ၄၀ ကျော်တဲ့အထိ တောက်ပြောင်သန်စွမ်းတဲ့ဆံကေသာပိုင်ဆိုင်ဖို့ ပြုလုပ်ပေးနိုင်တဲ့ ထိန်းသိမ်းနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေဓာတ်ပြည့်အောင်နေထိုင်ပါ

ဆံပင်သန်စေဖို့ အစိုဓာတ်ကအရေးအကြီးဆုံးပါပဲ။ အသားအရေကောင်းဖို့ရေသောက်ဖို့လိုသလို ဆံပင်အတွက်လည်းအလားတူဖြစ်တာကြောင့် အလွယ်တကူပြုလုပ်နိုင်တဲ့ ရေများများသောက်တာမျိုးကိုပြုလုပ်ပေးဖို့လိုပါတယ်။

၂။ ခေါင်းလျှော်မလွန်မိစေဖို့လိုပါတယ်

ဦးရေပြားနဲ့ ဆံသားခြောက်သွေ့ကြမ်းတမ်းခြင်းကိုလျှော့ချနိုင်ဖို့ မလိုအပ်ဘဲခေါင်းခဏခဏလျှော်တာမျိုး မလုပ်မိအောင် သတိထားပေးရပါမယ်။ ဓာတုပစ္စည်းပါဝင်မှုမရှိတဲ့ သဘာဝခေါင်းလျှော်ရည်အပျော့တွေကိုသာ အသုံးပြုပေးသင့်ပြီး ခေါင်းလျှော်ပြီးနောက်မှာ အစိုဓာတ်ရနေစေဖို့ ပေါင်းဆေးပုံမှန်သုံးဖို့ လည်းမမေ့သင့်ပါဘူး။

၃။ Hair Styling လုပ်တဲ့အခါ သတိထားပေးပါ

သင့်ဆံသားကို Hair Dryer ၊ ဆံပင်ဖြောင့်စက်၊ ကောက်စက်စတဲ့ အပူများတဲ့ဆံသားပုံသွင်းပစ္စည်းတွေနဲ့ မကြာခဏထိတွေ့မှုမရှိစေအောင်လည်း သတိထားပေးရပါမယ်။ ဒါ့အပြင် Chemical များပြီး ဆံသားပျက်စီးလွယ်တဲ့ ဆံပင်ဆိုးဆေးတွေနဲ့ ဆံပင်အရောင်ခဏခဏဆိုးတာမျိုးလည်းမလုပ်သင့်ပါဘူး။

၄။ ဆံပင်အားဖြည့်ဆေးတစ်မျိုးမှီဝဲသင့်ပါတယ်

အသက်အရွယ်ရလာတဲ့အခါ ဆံသားအတွက်လိုအပ်တဲ့ အဆီနဲ့ Collagen ဓာတ်တွေ အလိုအလျောက်ထုတ်လုပ်မှုလျော့နည်းသွားတတ်တာကြောင့် သင့်အနေနဲ့ ဆံပင်ထူပြီး အားပြည့်စေဖို့ထောက်ပံ့ပေးနိုင်တဲ့ ဆံသားအားဖြည့်ဆေး Hair Supplement တစ်မျိုးကို သောက်သုံးပေးသင့်ပါတယ်။

၅။ သဘာဝနည်းလမ်းတွေသုံးပြီး မကြာခဏပေါင်းတင်ပေးနိုင်ပါတယ်

အသက်ကြီးတဲ့အထိ နူးညံ့သန်စွမ်းတဲ့ဆံသားပိုင်ဆိုင်စေဖို့ လုပ်ရလွယ်တဲ့ အိမ်တွင်းသဘာဝနည်းလမ်းတွေနဲ့လည်း ပုံမှန်ပေါင်းတင်ပေးနိုင်ပါတယ်။ ဥပမာ ပရိုတင်းဓာတ်ရဖို့ ကြက်ဥနဲ့ နွားနို့ ၊ နေလောင်ဒဏ်ကြောင့်ပျက်စီးနေတဲ့ဆံသားကိုသက်သာစေဖို့ ပျားရည်နဲ့ သံလွင်ဆီ၊ အစိုဓာတ်ရစေဖို့ အုန်းဆီနဲ့ Jojoba ဆီစတာတွေကိုသုံးပြီး ဆံသားကို နှစ်ပတ်တစ်ခါအနည်းဆုံးပေါင်းတင်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar