ဆောင်းတွင်းဟာ ပုံမှန်ချိန်ထက် ဦးရေပြားပိုခြောက်သွေ့စေတာမို့ ဗောက်ထဖို့ အရမ်းလွယ်ပါတယ်။ နဂိုဗောက်မရှိတဲ့သူတွေတောင် ဆောင်းတွင်းရောက်ရင် အနည်းနဲ့အများ ဗောက်ပြဿနာနဲ့ ကြုံရမှာပါ။ ခေါင်းလျှော်ပြီးခဏအတွင်း ပြန်ထွက်လာတဲ့ဗောက်တွေကြောင့် ခေါင်းယားယံပြီး ဗောက်ဖတ်ဖြူဖြူထွက်ကာ ကြည့်ရဆိုးနေတယ်လို့ ခံစားနေရရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ဒီတစ်ခေါက်မှာ စာဖတ်သူတို့အတွက် ဆောင်းတွင်း ဗောက်ပြဿနာကို ပြန်လည်သက်သာစေမယ့်နည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ


ဆောင်းတွင်းရောက်ရင် ရေသောက်ဖို့ သတိမေ့တတ်ပါတယ်။ ကိုယ်တွင်းရေဓာတ်ပြည့်နေမှ ဦးရေပြားနဲ့ဆံသားအတွက် လိုအပ်တဲ့ အစိုဓာတ်လည်းဖြည့်ပေးရာရောက်မှာမို့ ရေသောက်မမေ့အောင် သတိထားပေးပါ။ နေ့စဉ် ၂ လီတာထက်မနည်းအောင် ရေသောက်သင့်ပါတယ်။

Tea Tree ဆီနဲ့ သံလွင်ဆီလိမ်းပါ


Tea Tree ဆီက ဦးရေပြားတွင်း ဘက်တီးရီးယားတွေဖယ်ရှားပေးတာမို့ ခေါင်းယားတာ သက်သာပြီး ဗောက်ပျောက်စေပါတယ်။ သံလွင်ဆီကလည်း ဦးရေပြားကို အစိုဓာတ်ဖြည့်ပေးနိုင်တာမို့ ဒီဆီနှစ်မျိုးကို ရောလိမ်းတာ ဒါမှမဟုတ် တစ်မျိုးချင်း ဦးရေပြားကိုနှိပ်နယ်ပြီး လိမ်းတာမျိုး လုပ်ပေးပါ။

အပူနဲ့မထိအောင်ရှောင်ပြီး ခေါင်းပုံမှန်ဖြီးပါ


ဆံသားပုံသွင်းတဲ့စက်တွေနဲ့ နေရောင်ခြည်စတဲ့ အပူတွေနဲ့ တိုက်ရိုက်ထိတွေ့တာကို အတတ်နိုင်ဆုံး ရှောင်ပေးပါနော်။ အပူဒဏ်က အေးတဲ့ရာသီကြောင့် ခြောက်သွေ့လွယ်တဲ့ ဆံသားကို အစိုဓာတ်ပိုလျော့စေပါတယ်။ မဖြစ်မနေလိုတဲ့မှသာသုံးပြီး မသုံးခင် အပူခံပစ္စည်းတစ်ခုနဲ့ ကာကွယ်ပေးရပါမယ်။ ဦးရေပြားသွေးလည်ပတ်မှုကောင်းဖို့ ခေါင်းမကြာခဏဖြီးတာမျိုးလည်း လုပ်ပေးပါ။

ဌက်ပျောသီး၊ ပျားရည်၊ သံပယိုရည်တို့နဲ့ ပေါင်းတင်နိုင်ပါတယ်


အကုန်အကျနည်းပြီး Chemical မပါတဲ့ သဘာဝနည်းတွေကိုလည်း မေ့ထားလို့မရပါဘူးနော်။ သဘာဝနည်းတွေနဲ့ ဗောက်ဖယ်ရှားချင်သူတွေက သံပယိုရည်၊ ဌက်ပျောသီးနဲ့ ပျားရည်တို့ပါတဲ့ ပေါင်းတင်နည်းကို သုံးနိုင်ပါတယ်။ သံပယိုရည်က ဦးရေပြားကို သန့်စင်ပေးပြီး ဌက်ပျောသီးနဲ့ပျားရည်က အစိုဓာတ်ပေးနိုင်မှာဖြစ်လို့ ကြိတ်ထားတဲ့ဌက်ပျောသီးတစ်လုံးနဲ့ သံပယိုရည်၊ ပျားရည် နှစ်ဇွန်းစီကို ရောပြီး ဆံသားမှာလိမ်းကာ မိနစ် ၂၀ လောက်ထားပြီး ပေါင်းတင်ကြည့်ပါ။

ဗောက်ပျောက် Shampoo သုံးပါ


သဘာဝနည်းတွေ၊ ရိုးရိုး Shampoo တွေနဲ့ မသက်သာဘူးဆိုရင် ဗောက်ပျောက်စေတဲ့ခေါင်းလျှော်ရည် ကောင်းကောင်းတစ်မျိုး ဝယ်သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်နော်။ များသောအားဖြင့် Peppermint ပါတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေက ဦးရေပြားအေးပြီး ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar