ဝက်ခြံက မျက်နှာတင်မဟုတ်ပဲ ကျောတွေ၊ လည်ပင်းတွေ၊ တင်ပါးတွေမှာလည်း ထွက်တာပါပဲ။ ဟော်မုန့်ကြောင့်လည်းဖြစ်သလို တင်ပါးမှာ ဝက်ခြံပေါက်တာကတော့ ချွေးကြောင့်လည်း ဖြစ်သလို အထိုင်များရင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တင်ပါးကဝက်ခြံတွေ သက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးရေချိုးပါ

လေ့ကျင့်ခန်းလုပ်ပြီးရင် ချွေးအရမ်းထွက်တဲ့အတွက် ရေချိုးသင့်ပါတယ်။ ရေမချိုးပဲ အဝတ်အစားပဲလဲတာမျိုး လုပ်မယ်ဆိုရင်တော့ ကျောမှာဝတ်ခြံထွက်တာ၊ တင်ပါးမှာဝက်ခြံထွက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့သူဆိုရင် တင်ပါးကဝက်ခြံတွေ သက်သာအောင် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးပေးပါ။

Antibacterial ဆပ်ပြာသုံးပါ

ရိုးရိုးဆပ်ပြာမသုံးပဲ Antibacterial ဆပ်ပြာနဲ့ တင်ပါးကို ရေချိုးတိုင်းမှာ ညှင်သာစွာ ပွတ်တိုက်ပေးပါ။ ဝက်ခြံတွေ သက်သာပျောက်ကင်းစေပါတယ်။ Salicylic acid ပါတဲ့ Cleanser, Shower သုံးပေးလည်း ရပါတယ်။

Scrub တိုက်ပါ

တစ်ပတ်တစ်ကြိမ် Scrub တိုက်တဲ့အခါ တင်ပါးကိုလည်း မချန်ခဲ့ပါနဲ့။ တင်ပါးကိုလည်း Scrub တိုက်ပေးမယ်ဆိုရင် ဝက်ခြံတွေ၊ ကြာဆူးလိုအဖုသေးသေးလေးတွေ သက်သာပျောက်ကင်းစေပါတယ်။ တင်ပါးမဲတာလည်း သက်သာစေပါတယ်။

Moisturizer လိမ်းပါ

ညအိပ်ယာဝင်ခါနီးတိုင်း တင်ပါးကို Moisturizer တစ်ခုခုလိမ်းပေးတာ၊ Lotion လိမ်းပေးတာမျိုးကလည်း ဝက်ခြံတွေ၊ တင်ပါးအသားအရေ ကြမ်းနေတာတွေ သက်သာစေပါတယ်။

အထိုင်မများပါစေနဲ့

အထိုင်များတဲ့သူတွေက တင်ပါးမှာဝက်ခြံထွက်တာ၊ ဖုသေးသေးလေးတွေထွက်တာမျိုး အဖြစ်များပါတယ်။ ဒါကြောင့် အထိုင်မများအောင်ဂရုစိုက်ပေးပါ။ မဖြစ်မနေ အမြဲထိုင်ပြီး အလုပ်လုပ်နေရတာဆိုရင်လည်း အခင်းတစ်ခုခုခင်းပြီးတော့ ထိုင်ပေးပါ။