လူတိုင်းမှာ အနည်းဆုံး ဝါသနာတစ်ခုစီတော့ ရှိကြပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုး၊ အခြေအနေအမျိူးမျိုးကြောင့် ဝါသနာနဲ့ မကိုက်ညီတဲ့ အလုပ်မျိုးကို လုပ်ကိုင်နေကြရပါတယ်။ ဥပမာ သင်က အားကစားသမားတစ်ယောက်၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ ဓာတ်ပုံဆရာ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဝင်ငွေရဖို့ဆိုတာထက် ကိုယ့်ဝါသနာအပေါ်မူတည်ပြီးတော့ တတ်မြောက်ထားတဲ့ပညာကို ချစ်တဲ့စိတ်က ပိုပါတယ်။ ဒါပေမဲ့လည်း လူတော်တော်များများက စားဝတ်နေရေးအတွက် မိမိဝါသနာပါရာကို စွန့်လွှတ်လိုက်ရတာကလည်း မနည်းမနောပါပဲ။

ဒါဆိုရင် မိမိဝါသနာကို မစွန့်လွှတ်ရအောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

၁။ လက်တွေ့ဆန်ပါ

Photo Source: tectronica.wordpress.com

ဝါသနာကြီးခြင်းကကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့ကျဖို့ကလည်း အရေးကြီးပါတယ်။ ဥပမာ – သင်က ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်ချင်ပေမဲ့ ထိခိုက်ဒဏ်ရာရမှာကြောက်နေရင်တော့ ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်လည်း အသံကောင်းရပါမယ်။ အသံမကောင်းပေမဲ့လို့ ကြိုးစားရင်ရတယ်ဆိုပေမဲ့လည်း မိမိထူးချွန်တဲ့အရာမှာ ဝါသနာပါတာက ပိုကောင်းပါတယ်။

၂။ စောစောစတင်ပါ

Photo Source: projectnursery.com

မိမိဝါသနာပါတာကို ကွဲကွဲပြားပြားသိပြီဆိုတာနဲ့ ငယ်ရွယ်တုန်းမှာ ရည်းမှန်းချက်ထား ထားပါ။ အောင်မြင်အောင်ကြိုးစားတဲ့အခါမှာ အသက်အရွယ်က အဓိကမကျပေမဲ့လို့ ငယ်ရွယ်စဉ်မှာ ကြိုးစားထားခြင်းက အောင်မြင်မှုအများအပြားရအောင် ပြုလုပ်ပေးမှာပါ။

၃။ မိမိဝါသနာကို မသေဆုံးပါစေနဲ့

Photo Source: www.ft.com

မိဘက တွန်းအားပေးလို့ပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေးအခက်အခဲကြောင့်ပဲဖြစ်ဖြစ် ကိုယ်ဝါသနာမပါတဲ့အရာကို ပြုလုပ်ရတဲ့အချိန်မှာလည်း မိမိဝါသနာကို ဆက်လက်ရှင်သန်အောင်ပြုလုပ်ပေးပါ။ ဘဝက တစ်သတ်မတ်တည်း သွားနေတာ မဟုတ်ပါဘူး။ အနာဂတ်မှာ ကိုယ့်ဆီ ဘယ်လိုအခွင့်အရေးတွေ ရောက်လာမလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် ကိုယ့်ဘက်က အမြဲတမ်းအဆင်သင့်ဖြစ်အောင် ပြုလုပ်ပါ။

၄။ မကြောက်ပါနဲ့

Photo Source: insidewomen.co.za

ကိုယ်ဝါသနာပါရာကို မပြုလုပ်အောင် တားဆီနေတာက အကြောက်တရားပါပဲ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်လို့ ဝင်ငွေမကောင်းမှာကို စိုးရိမ်နေတယ်ဆိုရင် သင်အမှန်တကယ် ဝါသနာမပါတာပဲဖြစ်ပါလိမ့်မယ်။ အကယ်၍ ငွေကြောင့် နောက်တွန့်နေတာမဟုတ်ဘူးဆိုရင်တော့ အရဲစွန့်လိုက်ပါ။ ဘဝမှာ တစ်ခါပဲ အသက်ရှင်ရတာမို့လို့ ရဲရင့်ပြတ်သားပါစေ။

၅။ မှန်ကန်တဲ့ လမ်းညွှန်မှုကို ရယူပါ

Photo Source: girlswithglasses.com

ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်ထက်တော်၊ ကိုယ့်ထက်သိ၊ ကိုယ့်ထက်တတ်ပြီး ကိုယ့်ကို အကောင်းဆုံးလမ်းညွှန်ပေးနိုင်မဲ့သူဆီက အကြံဉာဏ်ရယူပါ။ ကိုယ့်ကို စိတ်ဓာတ်တက်ကြွအောင် ပြုလုပ်ပေးနိုင်မဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ်နဲ့ အဆက်အသွယ်မပြတ်စေဘဲ သင့်အတွက် အကောင်းဆုံးလမ်းညွှန်ပေးဖို့ အကူအညီတောင်းခံပါ။