ရန်ဖြစ်လိုက် ချစ်လိုက်မှ အချစ်ဆိုတာ ကြည်နူးစရာကောင်းတာပါ။ တစ်ခါတစ်လေ ကိုယ်ချစ်တဲ့သူကို စိတ်ကောက်အောင် လိုက်စရတာကိုက ကျေနပ်စရာပါပဲ။ ဒါပေမယ့် အချိန်မီပြန်ချော့ဖို့တော့လိုမယ်နော်။

အကယ်၍ကိုယ်က လိုက်ချော့ပေမယ့်လည်း ကိုယ့်ချစ်ချစ်က မဟားတရားကြီးစိတ်ကောက်နေရင်တော့ ဒီစူပါနည်းလမ်းတွေ သုံးပြီး လိုက်ချော့ကြည့်ကြပါ။

၁။ရိုမန်တစ်ဆန်ပါ။

စိတ်ကောက်နေမှတော့ ရိုမန်တစ်ဘယ်လိုဆန်ရမလဲလို့ မထင်ပါနဲ့။ သူကြွေဆင်းလောက်မယ့်စကားမျိုး၊ အကြည့်မျိုးကို အသုံးပြုလိုက်ပါ။ ပန်းစည်းလေးနဲ့လိုက်ချော့ပါ။ မဟုတ်ရင်လည်း ပို့စ်ကတ်လေးထဲ ကိုယ့်ရင်ထဲက စကားတွေအပီအပြင်ရေးပြီး သူ့ဆီကမ်းပေးလိုက်ပါ။ ဘယ်လောက်ပဲစိတ်ကောက်ကောက် ရိုမန်တစ်ဆန်တဲ့ချစ်သူကို ဘယ်သူကငြင်းရက်ပါ့မလဲ။

၂။တောင်းပန်ပါ။

အချိန်ကြာကြာစိတ်ကောက်နေရင်တော့ ကိုယ်လုပ်တာမှားကြောင်း တောင်းပန်လိုက်ပါ။ ကိုယ့်ချစ်သူကိုတောင်းပန်တာ အောက်ကျစရာမဟုတ်သလို ရှက်စရာလည်းမဟုတ်ပါဘူး။ အချစ်တစ်ခုဆိုတာ လွယ်လွယ်နဲ့ရတာမဟုတ်လို့ အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့။

၃။သူကြိုက်တာလုပ်ပေးပါ။

အခုလိုအခြေအနေမျိုးမှာ သူအမြင်ကြည်အောင်နေပေးပါ။ သူနဲ့သွားတွေ့တဲ့အခါ သူကြိုက်တတ်တဲ့အရောင်နဲ့အကျီၤဝတ်သွားတာမျိုး၊ သူကြိုက်တတ်တဲ့မုန့်ကိုဝယ်သွားတာမျိုး၊ သူကြိုက်တတ်တဲ့ပစ္စည်းဝယ်ပေးတာမျိုးလုပ်ပေးလိုက်ပါ။ သူ့အပေါ်အရင်ကထက်ပိုကြင်နာ၊ ဂရုစိုက်ပေးပါ။ စိတ်ကောက်ပြေသွားပါလိမ့်မယ်။

၄။သူ့ကိုစိုက်ကြည့်နေပါ။

စိတ်ကောက်နေတဲ့အချိန်တစ်ချို့က ချော့ရင်ပိုဆိုးသွားပါတယ်။ စကားတောင်မပြောတော့ပါဘူး။ အဲ့ဒါနဲ့ပဲ ကိုယ့်ဘက်က ပြန်စိတ်ကောက်ပြီးထားမသွားပါနဲ့နော်။ သူ့မျက်နှာချင်းဆိုင်ထိုင်ပြီး စကားတစ်လုံးမျှမပြောပဲ မျက်ခြေမပြတ်စိုက်ကြည့်ပါ။ စကားမပြောပဲစိုက်ကြည့်ခံနေရရင် သူ့ဘက်ကစပြီး စကားစပြောပါလိမ့်မယ်။ အဲ့အချိန်ကျမီးစင်ကြည့်ကလိုက်ပေါ့။

၅။စပရိုက်လုပ်ပေးပါ။

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူက အံ့အားသင့်စရာတစ်ခုခုလုပ်ပေးရင် ဘယ်သူကသဘောမကျပဲနေမှာလဲနော်။ စပရိုက်ဆိုတာနဲ့ပဲ ပဲရစ်မြို့ အီဖယ်မျှော်စင်ထိသွားလုပ်ခိုင်းတာမဟုတ်ပါဘူး။ သူကြိုက်တဲ့ စားသောက်ဆိုင်ကြီးမှာ ကြိုတင်ဘိုကင်လုပ်ပြီး ညစာဖိတ်တာမျိုးဆိုရင်အဆင်ပြေနေပါပြီ။

ဒါဆို ကိုယ့်ချစ်သူစိတ်ကောက်နေရင် ဒီနည်းလေးတွေ လိုက်လုပ်ကြည့်ကြနော်။ ချစ်ရသူတိုင်း အဆင်ပြေကြပါစေ။