လေ့လာသူတွေက ဆယ်ကျော်သက်အရွယ် ၈၀ ရာခိုင်နှုန်းနဲ့ အသက်ကြီးသူ ၄၀ ရာခိုင်နှုန်းတို့ဟာ အထီးကျန်တဲ့ဝေဒနာကို အများဆုံးခံစားရတတ်သူတွေဖြစ်တယ်လို့ ပြောကြပါတယ်။ များသောအားဖြင့် ဘဝမှာ ကိုယ်မထင်ထားတဲ့ အချိုးအကွေ့တွေနဲ့ ကြုံရတဲ့အချိန် ဥပမာ တစ်စုံတစ်ယောက်နဲ့လမ်းခွဲတာ၊ သူငယ်ချင်းတွေနဲ့ ဝေးသွားတာ၊ ချစ်တဲ့သူတစ်ယောက်သေဆုံးသွားတဲ့အချိန်မျိုးတွေမှာ အထီးကျန်အားငယ်ခြင်းတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

ဒီလိုမျိုး ဘေးမှာဘယ်သူမှမရှိဘဲ တစ်ယောက်ထဲကျန်ခဲ့သလို ခံစားရတဲ့အခါ ဒီအခြေအနေကနေရုန်းထွက်နိုင်ဖို့ သင်ကိုယ်တိုင်လုပ်ပေးသင့်တဲ့အရာတွေရှိပါတယ်။ ဒါတွေကိုလုပ်ကြည့်နိုင်ဖို့ ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

၁။ အပြင်ထွက်ပါ

Photo Source: lingoneo

ကိုယ်တိုင်က အားထုတ်ပြီးပြောင်းလဲမှ အထီးကျန်တဲ့စိတ်ကို ဖြေဖျောက်နိုင်မှာဖြစ်လို့ အပြင်များများထွက်ပြီး လူတွေနဲ့ တွေ့နိုင်အောင် ကြိုးစားကြည့်ပါ။ ဝါသနာပါတဲ့အရာတစ်ခုကို စိတ်နှစ်ထားပြီး ကိုယ်နဲ့ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းပါ။ တဖြည်းဖြည်းနဲ့ အတွေးအမြင်အသစ်တွေ၊ ခံစားမှုအသစ်တွေရပြီး အထီးကျန်တဲ့စိတ်လျော့သွားပါလိမ့်မယ်။

၂။ စိတ်ကူးယဉ်ကမ္ဘာထဲက ထွက်လိုက်ပါ

Social Media လို လက်တွေ့မမြင်ရတဲ့နေရာတွေမှာ အတွေးများပြီး အချိန်ဖြုန်းမနေဘဲ အပြင်လောကမှာရှိတဲ့ ကိုယ့်မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြီး သူတို့အပေါ်အာရုံစိုက်ပေးပါ။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဘေးမှာရှိတဲ့သူတွေကို ဂရုစိုက်ပေးတဲ့အခါ ကိုယ်တိုင်လည်း အထီးကျန်သလို မခံစားရတော့ပါဘူး။

၃။ စိတ်ငြိမ်အောင် ကြိုးစားပါ

များသောအားဖြင့် မကောင်းမြင်အတွေးများတဲ့သူတွေက အထီးကျန်တတ်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ကိုယ့်အတွက်အရေးကြီးတဲ့အရာအပေါ်မှာ သေချာအာရုံစိုက်ပြီး စိတ်ငြိမ်နေအောင် ကြိုးစားကြည့်ပါ။ စိတ်ငြိမ်ဖို့အတွက် တရားထိုင်တာ၊ စာဖတ်တာတွေ လုပ်ပေးနိုင်ပါတယ်။

၄။ အကောင်လေးတွေမွေးပါ


ခွေးလေးတွေ ကြောင်လေးတွေနဲ့ အချိန်ကုန်ဆုံးပေးတာကလည်း အထီးကျန်တဲ့စိတ်ကို ဖယ်ရှားဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ သူတို့လေးတွေနဲ့အချိန်ဖြုန်းပေးတာက သင့်ကိုပျော်ရွှင်မှုဟော်မုန်းတက်စေတာမို့ စိတ်ဖိစီးမှုနဲ့ မောပန်းမှုတွေပါ မေ့သွားစေမှာပါ။

၅။ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့

အထီးကျန်နေသလို ခံစားရတဲ့အခါ ကိုယ့်မှာရှိနေသေးတဲ့အရာတွေကိုပြန်တွေးပြီး ကျေးဇူးတင်အသိအမှတ်ပြုပေးဖို့ မမေ့ပါနဲ့နော်။ ကိုယ့်ဘေးမှာမရှိတော့တဲ့အရာတွေအပေါ်ခံစားပြီး အားငယ်နေမယ့်အစား ကောင်းတဲ့အရာတွေအပေါ် အာရုံစိုက်ပေးတာက အထီးကျန်တဲ့အတွေးတွေကနေ ရုန်းထွက်နိုင်မှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုတန်ဖိုးထားတတ်လာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar