မင်္ဂလာပါ ပျိုမေတို့ရေ။ အိပ်ရေး၀၀အိပ်တာက မနက်နိုးတာနဲ့ စိတ်ရောကိုယ်ပါ လန်းဆန်းနေစေတဲ့အပြင် သင့်ရဲ့ ကိုယ်အလေးချိန်ကိုပါ သက်ရောက်မှုရှိပါတယ်။ အရွယ်ပြီးသားသူတွေမှာဆိုရင် တစ်နေ့မှာ ၇ နာရီကြာ အိပ်ချိန်လိုအပ်ပြီး အရမ်းနောက်မကျတဲ့ ပုံမှန်အိပ်ရာဝင်ချိန်တစ်ခုကိုပါ သတ်မှတ်ထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ စာဖတ်သူတို့အတွက် အိပ်ချိန်မှန်အောင်အကျင့်လုပ်ပေးခြင်းကတစ်ဆင့် ဝိတ်ကျစေနိုင်တဲ့အကြောင်းအရင်းအချို့ကို ဖော်ပြပေးသွားမှာပါ။

ဟော်မုန်းလည်ပတ်မှုညီမျှပြီး ဗိုက်အဆာခံစေတယ်


စားချင်စိတ်ကိုထိန်းချုပ်ပေးတဲ့ဟော်မုန်းတွေ ပုံမှန်အတိုင်းလည်ပတ်ဖို့က အိပ်ချိန်အပေါ်မှာ မူတည်ပါတယ်နော်။ အိပ်ချိန်မမှန်တဲ့အခါ ဟော်မုန်းထုတ်လုပ်မှုတွေ ကမောက်ကမ ဖြစ်ရာကတစ်ဆင့် ဗိုက်ခဏခဏဆာပြီး ဝိတ်တက်လာမှာပါ။ အိပ်ချိန်မှန်တဲ့သူက ဟော်မုန်းညီမျှပြီး စားချင်စိတ်ကိုပါ ထိန်းနိုင်စေပါလိမ့်မယ်။

Stress နည်းစေတယ်


အိပ်ရေးမဝတဲ့အခါ ကိုယ်တွင်းမှာ စိတ်ရှုပ်ထွေးပြီး ဖိစီးစေတဲ့ဟော်မုန်းတစ်မျိုးထွက်တတ်ပါတယ်။ ဒီဟော်မုန်းက အစားစားချင်စိတ်ကို လှုံ့ဆော်ပေးတာမို့ ဗိုက်မဆာဘဲနဲ့တောင် ဆက်တိုက်စားနေမိတာမျိုး ဖြစ်လာမှာပါ။ တစ်ဖက်မှာ အိပ်ချိန်မှန်နေတဲ့သူကတော့ စိတ်ကြည်လင်ပြီး Stress နည်းနေတတ်တာမို့ စားချင်စိတ်မဖြစ်အောင် ထိန်းနိုင်မှာပါ။

အစာခြေစနစ်ပုံမှန်လည်ပတ်စေတယ်


အစာခြေစနစ်ကောင်းကောင်းလည်ပတ်ဖို့ အိပ်ချိန်မှန်ဖို့က အဓိကပါပဲ။ အိပ်ချိန်မလုံလောက်တဲ့အခါ အစာခြေစနစ် နှောင့်နှေးသွားတတ်တာမို့ အစာကောင်းကောင်းမချေနိုင်ဘဲ ဝိတ်တက်လာမှာပါ။

ညဘက်ဗိုက်ဆာတာကို လျှော့ချပေးတယ်


ညဘက်ကို မအိပ်ဘဲနေရင် သရေစာတွေစားချင်စိတ်ပိုဖြစ်တတ်ပါတယ်နော်။ ညအိပ်ချိန်နဲ့နီးမှ စားမိပြန်ရင်လည်း အစာကောင်းကောင်းမခြေနိုင်ဘဲ အဆီတက်လာမှာပါ။ ဒါတွေမဖြစ်ရအောင် ညဘက်ကို စောစောလေးအိပ်တဲ့အကျင့်လုပ်ထားဖို့ လိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပေါ့ပါးသွက်လက်စေတယ်


အိပ်ချိန်မှန်တဲ့သူက နိုးတာနဲ့ သွက်သွက်လက်လက်ထနိုင်တဲ့အပြင် ကောင်းကောင်းအနားယူထားနိုင်လို့ တစ်နေကုန်ပျင်းပြီး အိပ်ချင်နေတာမျိုးလည်း မဖြစ်တော့ပါဘူး။ ခန္ဓာကိုယ်အားပြည့်ပြီး ပေါ့ပါးနေတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့လည်း ပိုပြီး Motivation ဖြစ်မှာပါ။ လှုပ်လှုပ်ရှားရှားနေပြီး ကယ်လိုရီတွေ လောင်ကျွမ်းရာကတစ်ဆင့် တဖြည်းဖြည်းနဲ့ ဝိတ်ကျလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar